A d v e r t i s e m e n t With Us

ဧရာဝတီမြစ်ရေ မြန်မာပြည် အထက်ပိုင်း ၄ မြို့နယ်တွင် စိုးရိမ်ရေမှတ်ကျော်လွန်နေ 

ဧရာဝတီမြစ်ရေဟာ ဗန်းမော်၊ ရွှေကူ၊ ကသာနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စိုးရိမ်ရေမှတ် အထက်ရောက်ရှိနေပြီး မန္တလေးနဲ့ စစ်ကိုင်းမှာ စိုးရိမ်ရေမှတ်ရောက်ဖို့ နီးလာနေပြီလို့  မိုးဇလဌာနက ဇူလိုင် ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။ ဗန်းမော်မြို့နယ်မှာ ၁၁၇၆ စင်တီမီတာ၊ ရွှေကူမြို့နယ်မှာ ၉၅၈ စင်တီမီတာ၊ သပိတ်ကျင်းမြို့နယ်မှာ ၁၅၂၆ စင်တီမီတာ၊ ကသာမြို့မှာ ၁၀၈၂ စင်တီမီတာတို့ ရောက်ရှိနေပြီး  စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေတာပါ။ ဒီနေ့ နေ့လယ် ၂ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဧရာဝတီမြစ်ရေဟာ သပိတ်ကျင်း မြို့နယ်မှာ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲ တက်နေပြီး နောက် ၁ ရက်မှာ ပေဝက်လောက် ဆက်လက်တက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။  သပိတ်ကျင်းမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနေထိုင်သူတွေနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေကို လည်း အထူးသတိပြု နေထိုင်ကြဖို့ နှိုးဆော်ထားပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့က သပိတ်ကျင်းမြို့နယ်မှာ မြစ်ရေတက်လာလို့  အိမ်ထောင်စု ၉၉ စု ရဲ့ ပစ္စည်းတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာလည်း  ၁၂၁၀ စင်တီမီတာ၊ စစ်ကိုင်းမြို့မှာ ၁၀၉၇ စင်တီမီတာရှိနေပြီ စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေတာကြောင့်  စစ်ကိုင်းနဲ့ မန္တလေးတိုင်းရှိ မြို့နယ် ၆ ခုမှာ ဒေသခံတွေကို အရေးပေါ်ရွှေ့ပြောင်းပေးနေရပါတယ်။ မန္တလေးတိုင်းမှာတော့ ဇူလိုင် ၁၅ရက်၊ ၁၆ ရက်နေ့လောက်ထဲက ကူညီကယ်ဆယ်တာတွေ လုပ်နေပြီး မြေပြင်နဲ့ ပူးပေါင်းဆောင်ရွက်တာတွေလည်း လုပ်နေတယ်လို့ ဘေးအန္တရာယ်နှင့် စီမံခန့်ခွဲမှုသီးစီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဒီဗွီဗီကိုပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်မှာလည်း ဧရာဝတီမြစ်ရေဟာ ၈၀၂ စင်တီမီတာကို ရောက်ရှိနေပြီး ထီးချိုင့်မြို့ရဲ့ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၇၄၀ စင်တီမီတာကို ကျော်လွန်နေပါတယ်။ အဲဒါကြောင့် အိမ်ခြေ ၈၈ လုံးရှိ လူဦးရေ ၄၄၉ ဦးတို့ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်မှာလည်း  ဧရာဝတီမြစ်ရေကြီးလာလို့ တောင်အင်းကျေးရွာ၊ ဟင်္သာဖိုကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ ဆည်သည် စတဲ့ ကျေးရွာတွေထဲ ရေ၀င်ပြီး  အိမ်ထောင်စုပေါင်း ၇၅စုက လူပေါင်း ၃၆၀ လောက် ရေဘေးဒုက္ခခံစားနေရ တယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့မှာ ဧရာဝတီမြစ်ရေဟာ နောက် ၃ ရက်အတွင်း  စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုကြဖို့ မိုးဇလက သတိပေးနှိုးဆော်ထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်ထဲက မြို့တွေနယ်တွေမှာတော့ ရေပြန်ကျသွားပြီဖြစ်ပါတယ်။  သတင်း - တွယ်တာ၊ ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့

A d v e r t i s e m e n t With Us

More News
Up