ထိုင်းမြောက်ပိုင်းတွင် မိုးခေါင်ရေရှား၍ မိုးအတုဖြင့် ပက်ဖျန်းနေရ

ဓာတ်ပုံ - Chiangmainews
ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ ခရိုင်တချို့မှာ ဒီနှစ်ထဲ မိုးခေါင်ရေရှားတဲ့အတွက် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ အဆင်ပြေဖို့ မိုးအတုတွေနဲ့ ပက်ဖျန်း ရွာသွန်းပေးနေရပါတယ်။ မြောက်ပိုင်းဒေသ မိုးတုပက်ဖျန်းပေးဖို့အတွက် ချင်းမိုင်က မိုးတုပုံဆောင်ခဲ အလေးချိန် ၂၀၀၀ ကီလိုဂရမ် တင်ဆောင်နိုင်တဲ့ လေတပ်ပိုင် လေယာဉ်ပျံအကြီးစားတစီး၊ ပိဿနုလုတ်ခရိုင်က  မိုးတုပုံဆောင်ခဲ အလေးချိန် ၇၀၀ ကီလိုဂရမ်စီ တင်ဆောင်နိုင်တဲ့ လေယာဉ်ငယ်သုံးစီး၊ တာ့ခ်ခရိုင်က မိုးတုပုံဆောင်ခဲ အလေးချိန် ၁၀၀၀ ကီလိုဂရမ်စီ တင်ဆောင်နိုင်တဲ့ အလတ်စား လေယာဉ်ပျံနှစ်စီး အသုံးပြုခဲ့ရတယ်လို့ မိုးတုဆောင်ရွက်ရေး ဗဟိုဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ အခုလို မိုးတုဆောင်ရွက်ရာမှာ လက်ရှိ ထိုင်းမြောက်ပိုင်း ရာသီဥတု အခြေအနေအရ မိုးတိမ်တွေ နည်းပါးနေပြီး ရာသီဥတု ပူပြင်းတဲ့အတွက် ခက်ခက်ခဲခဲ ဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။ ဒီလို အခက်အခဲတွေ ရှိနေပေမယ့် ဒီကနေ့ ဇူလိုင် ၁၈ ရက်မှာတော့ ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်က ဟော့တ်မြို့နယ်နဲ့ ဒွိုင်တောဝ်မြို့နယ်၊ လမ်းပန်းခရိုင်က ထိန်းမြို့နယ်နဲ့ မဲ့ဖရစ်မြို့နယ်၊ ကမ်ဖိုင်ဖစ်ခရိုင်က ဖရမ်းကတိုင်မြို့နယ်၊ ခလောင်းလန်နဲ့ ကိုးဖမ်ဖီနခွန်းမြို့နယ်၊ ဆုခိုးထိုင်းခရိုင်က ဘန့်ဒန်နောင်ဟွိုင်၊ ဆရီဆမ်လုန်းနဲ့ ဆီမတ်မြို့နယ်တွေမှာ မိုးတုတွေ ရွာပေးခဲ့တယ်လို့ ထိုင်းနိုင်ငံ စိုက်ပျိုးရေးနဲ့ မိုးအတုဌာန လူမှုကွန်ရက်မှာ ဖော်ပြသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up