ဖားကန့်တွင် ငါးမန်းဂိမ်းလောင်းကစားခုံများနှင့် လူ ၃၀ ကျော် ဖမ်းမိ
DVB
·
July 18, 2019
ကချင်ပြည်နယ် ဖားကန့်မြို့မှာ ငါးမန်းဂိမ်းလောင်းကစားခုံ ၅ ခုအပါအ၀င် လူအယောက် ၃၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၇ ရက်နေ့က ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်မှာ ကျော်ဦး (စိစစ်ဆဲ)ဟာ အိမ်ခန်းငှားရမ်းပြီး ငါးမန်းဂိမ်းလောင်းကစားနေကြောင်း သတင်းအရ ဖားကန့်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ဦးစီးတဲ့အဖွဲ့က အဆိုပါအိမ်ခန်းအား ဝင်ရောက်ရှာဖွေရာမှ ဖမ်းဆီးမိခဲ့တာပါ။
ငါးမန်းဂိမ်းလောင်းကစားဆိုင် မန်နေဂျာ သက်ထွန်းအောင်အပါအ၀င် ၅ ဦး (ကျား ၁၊ မ ၄) နဲ့ ငါးမန်းဂိမ်းလောင်းကစားနေသူ စောရဲထွန်းအပါအ၀င် ၂၆ ဦး (ကျား ၂၅၊ မ ၁) ဦးတို့အား တွေ့ရှိခဲ့ပြီး ငါးမန်းဂိမ်းလောင်းကစားခုံ ၅ ခုံနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ငွေ ၁,၁၇၉,၅၀၀ ကျပ်တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သက်ထွန်းအောင်အပါအ၀င် ၃၁ ဦး (ဖမ်းမိ) နဲ့ ကျော်ဦး(ဖမ်းမမိ) တို့အား ဖားကန့်မြို့မရဲစခန်း လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။