Home
မြန်မာသတင်း
ရခိုင်ပြည်နယ် မြို့နယ် ၅ ခုတွင် တပ်မတော်နှင့် အေအေ တိုက်ပွဲပြင်းထန်
DVB
·
July 18, 2019
မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မြောက်ဦး၊ ပလက်ဝနဲ့ အမ်းမြို့နယ်တို့မှာ ဇူလိုင်လ ၁၇ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၇ ရက် နေ့လယ် ၂ နာရီလောက်အချိန်မှာ ပုဏ္ဏားကျွန်းမြို့နယ် ခမီကြိမ်ချောင်းရွာနဲ့ ဂဏန်းမဲရွာအကြားမှာ မိနစ် ၂၀ လောက်ကြာ တိုပ်ပွဲဖြစ်ပွားခဲ့သလို မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ရွာ တောင်ဘက် ၁ ကီလိုမီတာအကွာအဝေးမှာ မိနစ် ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့တာပါ။ ဒါ့အပြင် ဘူးသီးတောင်မြို့နယ်၊ ကံပြင်ရွာ အရှေ့ဘက်မှာ ဇွန်လ ၁၇ ရက်နေ့ အေအေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ တပ်မတော်ဘက်က ရဟတ်ယာဉ် ၂ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ အေအေက ပြောပါတယ်။ တပ်မတော်သတင်းမှန်ပြန်ရေးအဖွဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးက “မနေ့တုန်းက ဘူးသီးတောင်ဘက်မှာ တိုက်ပွဲဖြစ်တာမှန်တယ်ခင်ဗျ၊ ရဟက်ယာဉ်တိုက် မတိုက်တော့ မသိဘူး။ လက်နက်ကြီးတွေနဲ့ကတော့ ကျနော်တို့ဘက်ကတော့ပစ်တယ်။ အေအေ တော်တော်များများ ကျသွားတယ်လို့ကြားတယ်။ ဘယ်လောက်များ ကျတယ်ဆိုတာ မသိဘူး။ တပ်မတော်ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ အနည်းအကျဉ်းတော့ရှိတယ်” လို့ ပြောပါတယ်။ အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “မနေ့က ဘူးသီးတောင်တိုက်ပွဲမှာဆိုရင် ဗမာ့စစ်တပ်ဘက် အကျအဆုံးတော်တော်များ တယ်။ ကံပြင်နားမှာ ဆိုရင်နေရာတော်တော်များ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ရှိစစ်ကြောင်းကို ဗမာ့စစ်တပ်ဘက် ဝင်ရောက်လာတာ အဲ့ဒီမှာတိုက်ပွဲဖြစ်တယ်။ ကျနော်တို့ဘက်က ကွန်မန်ဒိုတွေက ကြားဖြတ်တိုက်ခိုက်တာ၊ အဲ့ဒီမှာ ဗမာစစ်တပ်ဘက်က အကျအဆုံးများသွားတာ။ မနေ့ကတနေ့လုံး ဖြစ်တယ်။ ဒီနေ့မနက်ပိုင်းကလည်းဖြစ်တယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ဘူးသီးတောင်မြို့နယ်၊ ကံပြင်ရွာ အရှေ့ဘက်မှာ ညနေ ၆ နာရီ ၃၀ မိနစ်လောက်မှာ တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အနောက်ပိုင်းတိုင်စစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်၊ မဲသံကြိုးရွာအနီး ဒုက္ကံရွာနဲ့ ကမ်းထောင်းကြီးမြို့ကြားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီကျော်လောက်က တိုက်ပွဲတွေဖြစ်ပွားနေသလို ပလက်ဝမြို့ ပီတောင်အနီးမှာ တပ်မတော်နဲု့ အေအေ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ ဒီလို တိုက်ပွဲတွေတစတစနဲ့ ပိုမိုပြင်းထန်လာနေတာကြောင့် ရက္ခိုင့်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ဒေသတွေက ကျေးရွာသားတွေ ပိုမိုထွက်ပြေးလာနေကြသလို အခုဆိုရင် စစ်ဘေးရှောင် ၅၀၀၀၀ ကျော်အထိ ရှိလာနေပြီး စစ်ဘေးရှောင်တချို့ဟာလည်း ဆေးဝါး အကူအညီနဲ့ စားနပ်ရိက္ခာတွေ ပြတ်တောက်မှုတွေနဲ့ ကြုံနေကြရပါတယ်။ သတင်း-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024