Homeမြန်မာသတင်း
နိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရေး ကူညီပေးရန် စာနယ်ဇင်းသမားများကို အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
နိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရေး ကူညီပေးရန် စာနယ်ဇင်းသမားများကို အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
DVB
·
July 18, 2019
နိုင်ငံသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတိုးတက်လာစေဖို့ စာနယ်ဇင်းပုဂ္ဂိုလ်တွေက ၀ိုင်းဝန်းကူညီပေးကြမယ်လို့ ယုံကြည်တဲ့အကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဇူလိုင် ၁၇ ညက ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပတဲ့ စာရေးဆရာတွေ စာနယ်ဇင်းသမားတွေနဲ့ မိတ်ဆုံညစာစားပွဲမှာ ပြောကြားလိုက်တာလို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလောဟာ ကျယ်ပြန့်ကြောင်း၊ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဂုဏ်သိက္ခာမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ရဲ့ ပညာအရည်အချင်းပေါ် မူတည်ကြောင်း၊ ပညာဆိုတာ မှန်မှန်ကန်ကန်သုံးသပ်နိုင်ခြင်းလို့ ယုံကြည်ယူဆကြောင်း၊ မှန်မှန်ကန်ကန် ဆင်ခြင် သုံးသပ်နိုင်ရန်ဖို့ ဘ၀အတွေ့အကြုံနဲ့ စာပေ အတွေ့အကြုံတွေ အရေးကြီးတယ်လို့ ပြောပါတယ်။
ဒ့ါအပြင် မြန်မာ ပြည်သူ၊ ပြည်သားတွေ အမြင်ကျယ် ပြန့်လာစေဖို့ ဆောင်ရွက်ပေးတဲ့ အတွက် စာပေလောကက ပုဂ္ဂိုလ်တွေကို လေးစား ကျေးဇူးတင်ကြောင်း၊ စာနယ်ဇင်းပုဂ္ဂိုလ်တွေ အနေနဲ့ မိမိတို့နိုင်ငံသူ၊ နိုင်ငံသားတွေ အမြင်ကျယ်တဲ့ ကောင်းကျိုးတွေရစေကြောင်းလည်း ပြောကြားခဲ့ပါတယ်။
“လူတွေက အခွင့်အရေးရပြီးရင် ထပ်လိုချင်ကြတယ်။ ရတဲ့အခွင့်အရေးကို အကျိုးရှိအောင် မလုပ်ကြဘူး။ ထပ်လိုချင်တာထက် အကျိုးရှိအောင်မလုပ်ချင်တာ ပိုဆိုးတယ်။ စိတ်ဓာတ်ပျက်ပြား နေတာ။ စိတ်ဓာတ်တွေကိုပြုပြင်ဖို့ များများထည့်ပြောပေးပါဆရာ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တယ်လို့လည်း ဒီတွေ့ဆုံပွဲမှာ တက်ရောက်ခဲ့တဲ့ စာရေးဆရာ မောင်စိန်ဝင်း-ပုတီးကုန်း က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။
တွေ့ဆုံပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိတ်ဆုံ ညစာစားပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ၊ ဆရာမတွေ ကိုယ်စား စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) က ကျေးဇူးတင် စကားပြောကြားခဲ့ပါတယ်။
တွေ့ဆုံညစာစားပွဲကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ သူရဦးအောင်ကို၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စာရေးဆရာ၊ ဆရာမတွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်း ကိုမင်းကိုနိုင်၊ ကိုဂျင်မီစသူတို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ဓာတ်ပုံ- အတိုင်ပင်ခံရုံး