Home
မြန်မာသတင်း
မူးယစ်ဆေးအကျဉ်းသားနှင့်ပတ်သက်သည့် ဥပဒေပြင်ရန် လူ့အခွင့်အရေးကော်မရှင် အကြံပြု
နေဖြိုးဝင်း
·
July 18, 2019
အကျဉ်းထောင်တွေ ကျပ်တည်းမှုကို လျော့ချနိုင်ဖို့ မူးယစ်ဆေးဝါးအကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြင်သင့်တယ်လို့  လူ့အခွင့်ရေးကော်မရှင်က အကြံပြုလိုက်ပါတယ်။ ဇူလိုင် ၁၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ ၂၀၁၈ ခု နှစ်၊ နှစ်ပတ်လည် အစီရင်ခံစာကို ရှင်းလင်းတာမှာ ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ပြောတာပါ။ အကျဉ်းထောင်တွေမှာ လူဦးရေ ကျပ်တည်းမှုဖြစ်နေတာနဲ့ပတ်သက်ပြီး ကော်မရှင်က လေ့လာခဲ့တာမှာ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျသူ အရေအတွက်ဟာ အခြားအကျဉ်းကျ၊ အချုပ်ကျ အင်အားထက် ပိုမိုများပြားနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးမှုနဲ့ အကျဉ်းကျသူ ၈၀ ရာခိုင်နှုန်းကျော်နေတဲ့ အကျဉ်းထောင် ၂ ခု၊ ၇၀ ရာခိုင်နှုန်းကျော် ထောင် ၁၄ ခု၊ ၆၀ ရာခိုင်နှုန်းကျော် ထောင် ၄ ခု၊ ၅၀ ရာခိုင်နှုန်းကျော် ၄  ခု၊ ၄၀ ရာခိုင်နှုန်းကျော် ထောင် ၇ ခု၊ ၃၀ ရာခိုင်နှုန်းကျော် ထောင် ၁ ခု၊ ၂၀ ရာခိုင် နှုန်းကျော်ထောင် ၅ ခု၊ ၁၀ ရာခိုင်နှုန်းကျော်ထောင် ၆ ခု၊ ၅ ရာခိုင်နှုန်းအောက် ထောင် ၃ ခု ရှိတာကြောင့် အကျဉ်းထောင်ကျပ်တည်းမှုကို လျော့ချနိုင်ဖို့ မူးယစ်ဆေးဝါးအကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ မူဝါဒကို ပြန်လည်စိစစ်ဖို့ လိုအပ်နေတယ်လို့  ပြောပါတယ်။ "ဥပမာအားဖြင့် မူးယစ်ဆေးဝါး (ဘိန်းဖြူမှုန့်) ပမာဏ ၁ ဂရမ်အောက်နဲ့ ဆေးပြားပမာဏ ၅ ပြားအောက် ဖမ်းဆီးရမိသူတွေဟာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးများဆိုင်ရာ (မူလ)ဥပဒေအရ ၁၀ နှစ်ဝန်းကျင် ကျခံနေရတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ဖမ်းဆီးရမိတဲ့ ပမာဏအနည်းအများအလိုက် ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ဥပဒေကို လိုအပ်သလို ပြင်ဆင်သင့် တယ်လို့ သုံးသပ်ရရှိပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း မပြုပေမယ့် သုံးစွဲသူ၊ ရောင်းဝယ်သူတွေနဲ့ အတူသွား၊ အတူလာ ပြုလုပ်နေစဉ် ဖမ်းဆီးရမိခြင်းကြောင့် အားပေးကူညီသူဟုဆိုပြီး တရားစွဲဆိုခံရလို့ အကျဉ်းကျနေသူတွေရှိတာကြောင့် ယင်းတို့နဲ့ ပတ်သက်တဲ့ မူဝါဒကို ပြန်လည်စဉ်းစားသည်ဟု သုံးသပ်ရရှိပါတယ်" လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောပါတယ်။ လူအများ ၀င်ထွက်စားသောက်နေတဲ့ စားသောက်ဆိုင်ရှိ အများသုံးအိမ်သာမှာ မူးယစ်ဆေး  အနည်းငယ်တွေ့လို့ အကျဉ်းကျခံရတဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေ၊ အကျဉ်းမကျသင့်ဘဲ ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် အမှုဆင်ဖမ်းဆီးခံရပြီး အကျဉ်းကျနေသူတွေကြောင့်လည်း အကျဉ်းထောင်ကျပ်တည်းမှု ဖြစ်စေတယ်လို့ ဆိုပါတယ်။ အမှုစစ်ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ သံသယရှိသူ ဒါမှမဟုတ် စွပ်စွဲခံရသူတွေကို စောင့်ကြည့်လေ့လာတာ၊ ခိုင်မာတဲ့ သက်သေအထောက်အထားရှာဖွေပြုစုတာတွေ မလုပ်ဘဲ ဖမ်းဆီးချုပ်နှောင် နှိပ်စက်ညှဉ်းပန်းပြီး အဓမ္မ ၀န်ခံခိုင်းတာ၊ ချက်ချင်းအမှုစွဲတင်ပြီး တရားရုံး တင်ပို့တာတွေကြောင့်လည်း အကျဉ်းထောင်တွေ ပိုမိုကျပ်တည်းစေတယ်လို့ ပြောပါတယ်။ အခုလို အကျဉ်းထောင်တွေမှာ လူဦးရေးကျပ်တည်းနေတာကြောင့် အကျဉ်းထောင်ဝန်ထမ်း တွေအနေနဲ့ စီမံအုပ်ချုပ်မှု အခက်အခဲတွေ ကြုံတွေ့နေရတာ၊ ၀န်ထမ်းအင်အား နည်းပါး တာကြောင့် အနားယူချိန်နည်းတာ၊ အကျဉ်းသားတွေအနေနဲ့ အိပ်စရာနေရာ ကျဉ်းမြောင်း ကျပ်တည်းတာကြောင့် ကျန်းမာရေး၊ လူမှုရေးပြဿနာတွေ ပေါ်ပေါက်နိုင်တာ၊ နိုင်ငံတော်အနေနဲ့ ဘဏ္ဍာရန်ပုံငွေ ပိုမိုသုံးစွဲနေရခြင်းကြောင့် အကျဉ်းသားဦးရေ လျော့ချနိုင်ရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုပြီး ဆောင်ရွက်သင့်တယ်လို့ ကော်မရှင်က အကြံပြုထားပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဖမ်းဆီးအကျဉ်းချတာထက် အသိပညာပေးဟောပြောတာ၊ လူမှုရေးနည်းနဲ့ ပြစ်ဒဏ်ပေးတာ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးတာတွေ ပြုလုပ်ပြီး မူးယစ်ဆေးဝါးဖြန့်ဝေ ရောင်းချသူကိုပဲ ဖမ်းဆီးနိုင်ရေး အဓိကထား ဆောင်ရွက်သင့်တယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024