Home
မြန်မာသတင်း
ဖွဲ့စည်းပုံ အခန်း ၇ ပါ တပ်မတော်နှင့်ပတ်သက်သည့်ပြဋ္ဌာန်းချက်များ ပြင်ဆင်ပယ်ဖျက်ရန် အကြံပြု 
ပိုင်စိုး
·
July 18, 2019
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၇ ပါ တပ်မတော်နဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ပယ်ဖျက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေက အကြံပြု ထားပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာတင်သွင်းထားတဲ့ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ မူလအတိုင်းထားရှိရန် အချက်ပေါင်း ၃၇၀၀ ကျော်ပါဝင်တဲ့ လွှတ်တော်ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ ထည့်သွင်းအကြံပြုထားတာပါ။  ၂၀၀၈ ဖွဲ့စည်းပုံ အခန်း ၇ ရဲ့ခေါင်းစဉ်ဟာ ‘တပ်မတော်’လို့ ဖော်ပြထားတာ ဖြစ်ပြီး ဒါကို ပြည်ထောင်စုလုံခြုံရေးနဲ့ ကာကွယ်ရေးလို့ ပြင်ဆင်ဖို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပြု ပါတယ်။ ဒါ့အပြင် လက်နက်ကိုင်အဖွဲ့တွေအားလုံးဟာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင် ၃ ရပ်ရဲ့ ထိန်းကျောင်းကွပ်ကဲမှုကို လေးစားလိုက်နာခံယူရမယ်လို့လည်း အဆိုပြုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ နိုင်ငံထဲက လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ်ဆိုတာကို ပယ်ဖျက်ဖို့ အန်အယ်လ်ဒီနဲ့ ရခိုင်အမျိုးသား ပါတီတို့က အဆိုပြုထားပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အရပ်သားအစိုးရရဲ့ ကွပ်ကဲ အုပ်ချုပ်မှုအောက်မှာ ရှိရမယ်လို့ အဆိုပြုထားပါတယ်။ တအာင်း(ပလောင်) အမျိုးသားပါတီကတော့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ စစ်သေနာပတိချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာရှိရမယ်လို့ ဆိုပြီး ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ကတော့ နိုင်ငံတော်သမ္မတရဲ့ ကွပ်ကဲမှုအောက်မှာရှိရမယ်လို့ အကြံပြုထားပါတယ်။ ပုဒ်မ ၃၃၉ နိုင်ငံတော်ကို ပြည်တွင်း၊ ပြည်ပအန္တရာယ်တွေက ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမယ်ဆိုတာကို ပယ်ဖျယ်ဖို့ အန်အယ်လ်ဒီက အဆိုပြုပါတယ်။  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပြည်ထောင်စု တပ်မတော်ရဲ့ အဓိက တာဝန်ဟာ ပြည်ပရန်ကို ကာကွယ်ဖို့၊ အမြဲတမ်းစစ်အင်အားဟာ ပြည်ထောင်စုလူဦးရေရဲ့ ၀ ဒသမ ၅ ရာခိုင်နှုန်းထက် မကျော်ဖို့၊ စစ်တက္ကသိုလ်တွေမှာ ပြည်နယ်တွေကနေ အချိုးကျတက်ရောက်ခွင့် ရဖို့ စတာတွေနဲ့ ပြင်ဆင်ဖြည့်စွက်ဖို့ အကြံပြုထားပါတယ်။ ရခိုင်အမျိုးသားပါတီကတော့ သမ္မတဟာ ကာကွယ်ရေးဝန်ကြီးရဲ့ အဆိုပြုချက်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ဖို့ အဆိုပြုထားပါတယ်။ ဒါ့အပြင် စစ်ဘက်တရားစီရင်ရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်ဟာ အပြီးသတ်ဖြစ်တယ်ဆိုတဲ့ ပုဒ်မကိုလည်း အရပ်ဘက်ပြစ်မှုတွေကျူးလွန်ရင် အရပ်ဘက်တရားရုံး မှာ တရားစီရင်ဖို့ ပါတီတော်တော်များများက အဆိုပြုပါတယ်။ ၄၅ ဦးပါ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီက ပါတီ၊ တပ်မတော်သားနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် တွေရဲ့ အကြံပြုချက်တွေကို ဇူလိုင် ၁၅ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာမှာ စုစုပေါင်းအကြံပြုချက် ၃၇၆၅ ချက်ရှိပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၁၁၂ ချက်နဲ့ အများဆုံး အကြံပြုထားပါတယ်။ ရခိုင်အမျိုးသားပါတီက ၈၅၈ ချက် အကြံပြုထားလို့ ဒုတိယအများဆုံးဖြစ်ပြီး အန်အယ်လ်ဒီကတော့ ၁၁၃ ချက် နဲ့ ကြံ့ခိုင်ရေးပါတီက ၁၀ချက် အကြံပြုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024