၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲ လွိုင်ကော်တွင်ပြုလုပ် (ဓာတ်ပုံ)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံတဲ့အနေနဲ့ ကယားပြည်နယ် လွိုင်ကော်မြို့ လူထုဟစ်တိုင် (IC ကွင်းအနီးမှာ) ဒီကနေ့ ညနေပိုင်းက ကျင်းပရာမှာ ကယားပြည်နယ် ၇ မြို့နယ်က ဒေသခံ ပြည်သူ ထောင်ချီ ပါဝင် ပူးပေါင်းခဲ့ကြပါတယ်။
ဒီလူထုထောက်ခံပွဲမှာ မုံရွာအောင်ရှင်၊ အဏ္ဏ၀ါစိုးမိုးနဲ့ ကာတွန်းဝင်းအောင်တို့ကနေပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်လိုတဲ့ အကြောင်း ဟောပြာခဲ့ကြပါတယ်။
“လွိုင်ကော်မှာရှိတဲ့ ကျနော်တို့ရဲဘော်တွေ ညီအစ်ကိုတွေကနေပြီးတော့မှ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အခုလို လူထုဟောပြောပွဲကြီးတွေလုပ်တာကို ဖမ်းချင်ရင်ဖမ်းလို့ ရတယ်။ အစိုးရလုပ်တာကို ထောက်ခံတာကို ဖမ်းချင်ရင်ဖမ်းလို့ရတယ်။ အဲဒါသည် ဘာ့ကြောင့်လဲဆိုတော့ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ပဲ ဖြစ်ပါတယ်” လို့ ကာတွန်းဝင်းအောင်က ဟောပြောပွဲမှာ ပြောပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာပါဝင်သူတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး - ဒို့အရေး၊ ဒီမိုကရေစီစနစ်ကို အခြေမခံသည့် ၂၀၀၈ အခြေခံဥပဒေ - ပြင်ဆင်ပေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မီတီကို - ထောက်ခံပါသည့်ဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။