ဦးခေါင်းချင်းဆက် အမြွှာ ၂ ဦးကို ဗြိတိန်ဆရာဝန်များ အောင်အောင်မြင်မြင်ခွဲစိတ်

ဦးခေါင်းချင်းဆက် အမြွှာညီအစ်မနှစ်ဦးကို အောင်အောင်မြင်မြင်နဲ့ ခွဲစိတ်နိုင်ခဲ့တယ်လို့ ဗြိတိန်ဆရာဝန်တွေက ဇူလိုင် ၁၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဆာဖာနဲ့ မာဝါအူလာဆိုတဲ့ ပါကစ္စတန် ဦးခေါင်းချင်းဆက် အမြွှာညီအစ်မနှစ်ဦးကို ခွဲစိတ်ရာမှာ သူတို့ရဲ့ ဦးခေါင်းခွံ၊ ဦးနှောက်နဲ့ သွေးကြောတွေကို သီးခြားစီ ခွဲထုတ်ရတဲ့ ရှုတ်ထွေးလှတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။
အဲဒီခွဲစိတ်မှုကို လန်ဒန်မြို့ Great Ormond Street ဆေးရုံမှာ ပြုလုပ်ခဲ့ပြီး ခွဲစိတ်ပြီးနောက် ၄ လအကြာမှ ကလေးငယ်နှစ်ယောက် ဆေးရုံကနေ ဆင်းနိုင်မှာပါ။
ခွဲစိတ်မှုကို ဦးဆောင်တဲ့ ဒေးဗစ်ဒန်နာဝေးက “အမြွှာနှစ်ယောက်ရဲ့ ဦးနှောက်ကို အောင်အောင်မြင်မြင်နဲ့ သီးခြားစီ ခွဲထုတ်နိုင်ပြီး လူနှစ်ယောက်ဖြစ်သွားစေဖို့ ဦးခေါင်းခွံကို ပြန်ပြင်ရတာက တကယ်အရေးကြီးတဲ့အပိုင်းပဲ ဖြစ်တယ်” လို့ ပြောပါတယ်။
ဦးခေါင်းချင်းသာ ဆက်ပြီး ခန္ဓာကိုယ်သီးခြားဖြစ်နေတဲ့အမြွှာတွေဟာ ကလေးအယောက် တသန်းမှာ တကြိမ် တွေ့ရခဲပြီး ဦးနှောက်တစ်သျှူးတွေပါ ဆက်စပ်နေတဲ့ အခြေအနေမျိုးကတော့ ပိုလို့တောင် ရှားပါတယ်။
ဦးခေါင်းချင်းဆက် အမြွှာတွေဟာ နှစ်စဉ် ကမ္ဘာတဝှမ်းမှာ အမြွှာ ၅၀ လောက် မွေးဖွားတတ်ပြီး သူတို့ထဲက ၁၅ မြွှာလောက်သာ မွေးဖွားပြီး ရက် ၃၀ ကျော်အထိ အသက်ရှင်ကြတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။