တိုက်စစ်မှူး နေမာ အသင်းမှထွက်ရန် ဆန္ဒရှိနေဟု ပီအက်စ်ဂျီနည်းပြ အတည်ပြု

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ အသင်းကထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ နည်းပြ တူချယ်က အတည်ပြု ပြောကြားလိုက်ပါတယ်။ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အသင်းဆီ ပြန်လည်ရောက်ရှိခဲ့ပြီး ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပါတယ်။ ခြေချင်းဝတ်ဒဏ်ရာ ရရှိနေတဲ့ နေမာဟာ အသင်းနဲ့ ပူးပေါင်းချိန် နောက်ကျခဲ့တာလည်း ဖြစ်ပါတယ်။ နေမာဟာ ကိုပါအမေရိကဖလားပြိုင်ပွဲ မတိုင်ခင်ကတည်းက အသင်းကနေ ထွက်ခွာချင်တဲ့ဆန္ဒ ရှိနေခဲ့တာဖြစ်တယ်လို့ ပီအက်စ်ဂျီနည်းပြ တူချယ်က အတည်ပြုလိုက်တာပါ။ နေမာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အသင်းက ဆုံးဖြတ်ချက်ချရမှာဖြစ်ပြီး သူ့အနေနဲ့ကတော့ ဘာမှ စိုးရိမ်မှုမရှိဘဲ နေမာ အသင်းမှာဆက်နေမယ် ဆိုရင်လည်း အတူတကွ အလုပ်လုပ်ဆောင်သွားရုံပဲ ရှိတယ်လို့ နည်းပြတူချယ်က ဆိုပါတယ်။ အပြောင်းအရွှေ့ကိစ္စက အသင်းကပဲ လုပ်ဆောင်ရမှာဖြစ်ပြီး သူ့အနေနဲ့ ဝင်ရောက်စွက်ဖက်တာမျိုး လုပ်မှာမဟုတ်ကြောင်းလည်း နည်းပြတူချယ်က ပြောကြားသွားပါတယ်။ ပီအက်စ်ဂျီအသင်းဟာ နေမာကို ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းကနေ ပေါင် ၁၉၈ သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up