A d v e r t i s e m e n t With Us

ကော့သောင်းတွင် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ထောက်ခံပွဲကျင်းပ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ကြိုဆိုထောက်ခံပွဲ တရပ်ကို ဒီနေ့မနက်ပိုင်းက တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အဏ္ဏဝါ ရပ်ကွက် ကျောက်တိုင်ကွင်းမှာ ကျင်းပပါတယ်။ အဆိုပါထောက်ခံပွဲကို ကော့သောင်းမြို့ပေါ်မှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး စိတ်ပါ ဝင်စားသူပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင် ဦးမျိုးလွင်က “အဓိကကတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦးပါတဲ့ ပူးပေါင်းကော်မတီကနေပြီးတော့ ဇူလိုင်လ ၁၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကိုတင်ပြတဲ့ ပြင်ဆင်ရေးအစီရင်ခံစာကို ကော့သောင်းပြည်သူတွေက ကြိုဆိုထောက်ခံတယ်ဆိုတဲ့အကြောင်း ရည်ရွယ်ပြီးတော့ လုပ်တာဖြစ်တယ်”လို့ ပြောပါတယ်။ ထောက်ခံပွဲကို ကျောက်တိုင်ကွင်းမှစုဝေးကြပြီး ကျောက်တိုင်ကွင်းမှ ကြွေးကြော်သံတွေ ကြွေးကြော်ကာ မြို့တွင်းကို လှည့်လည်ခဲ့ကြပါတယ်။ ဆန္ဒပြရာမှာပါဝင်တဲ့ ဦးမောင်မောင်နိုင်က “ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစကတည်းက ကိုယ်ကိုယ်တိုင် မပါဝင်ခဲ့တဲ့ အစိုးရတရပ်ကရေးဆွဲခဲ့တာကို ကျနော်တို့ မကြိုက်ဘူး။ ဒါကြောင့်လည်း လက်ရှိ ဖြစ်ပေါ်လာတဲ့အစိုးရက ရှေ့ကိုသွားမယ့် လုပ်ငန်းစဉ် အရပ်ရပ်က ဖွဲ့စည်းပုံမပြင်မချင်း ရှေ့သွားလို့ မရဘူးဆိုတာသိတယ်။ ဒါကြောင့် ကျနော် ပြည်သူတယောက်အနေနဲ့ ပါဝင်တာဖြစ်တယ်”လို့ ပြောပါတယ်။ အဆိုပါထောက်ခံပွဲကို ကော့သောင်းမြို့ပေါ်နေ ဒေသခံ ပြည်သူ ၁၀၀၀ ကျော်ပါဝင်ခဲ့ကြပါတယ်။ သတင်း- လတ်ကိုကိုဦး

A d v e r t i s e m e n t With Us

More News
Up