၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲ တောင်ကြီးတွင် ပြုလုပ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံတဲ့အနေနဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဒေသခံတွေက ဇူလိုင် ၁၇ ရက်နေ့က ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ကြပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တောင်ကြီး ဒေသခံတွေရဲ့ သဘောထားပြသဖို့နဲ့ ပြည်သူအသံပါဝင်ဖို့ ခုလို ဆန္ဒထုတ်ဖော်တာဖြစ်ပြီး ပြည်သူ့ဆန္ဒမပါဘဲရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုတဲ့အတွက် ထောက်ခံပွဲပြုလုပ်တာလို့ ဆန္ဒပြသူတွေက ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အဓိက စစ်အာဏာရှင်ရေးဆွဲတဲ့ဥပဒေဖြစ်တယ်၊ ပြည်သူအတွက် ကောင်းကျိုးမပေးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်လို့ ပြင်ဆင်ချင်ကြတာလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးသိန်းရွှေက “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကမ္ဘာမှာ မရှိတဲ့ဥပဒေဖြစ်တယ်၊ ပြင်ဆင်မယ်ဆို ဒီမိုကရေစီနည်းကျပြင်ဆင်ဖို့လိုတယ်”လို့ ပြောပါတယ်။
ဒီကနေ့ လူထုထောက်ခံပွဲမှာ သေနတ်ဖြင့် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အလိုမရှိလို့ ရေးထားတဲ့စာပါ အင်္ကျီတွေ ၀တ်ဆင်ကာ လမ်းလျှောက် ချီတက်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ တောင်ကြီးမြို့ မင်းကျောင်းဘုန်းကြီးကျောင်းရှေ့မှာ စုရပ်ထားပြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးအတိုင်း ဗိုလ်ချုပ်အောင်ဆန်းပန်းခြံထိ လမ်းလျောက်ချီတက်ကြတာ ဖြစ်ပါတယ်။
တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးထောက်ခံပွဲ တကြိမ်ပြုလုပ်ခဲ့ပြီး ယခုမှာ ဒုတိယအကြိမ် ပြုလုပ်တာဖြစ်ပါတယ်။
သတင်း- ခွန်ရာဇာ