တပ်မတော် စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ ရခိုင်ပြည်နယ်သို့ ထပ်မံသွားရောက်

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ထပ်ပြီးစိစစ်အတည်ပြုဖို့ တပ်မတော်စုံစမ်းစစ်ဆေးရေးခုံရုံး အဖွဲ့ဝင်တွေဟာ ဇူလိုင် ၁၅ ရက်က ရခိုင်ပြည်နယ်ကို ထွက်ခွာသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီအဖွဲ့ဟာ ဘူးသီးတောင်နယ်မြေရှိ ကွပ်ကဲ မှုဌာနချုပ် တခု အပါအဝင် တပ်ရင်း/တပ်ဖွဲ့ ၃ ခု၊ ရဲစခန်း ၃ ခု၊ အကျဉ်းထောင် ၁ ခုနဲ့ ရွာ ၅ ရွာကို ပထမအကြိမ်သွားရောက် စစ်ဆေးဖူးပြီး ခု နောက်ထပ်တကြိမ် သွားရောက်တာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ဝင်တွေဟာ အရင်က စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့ အခြေအနေတွေ၊ ဆက်လက် စုံစမ်းစစ်ဆေးမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ဥပဒေအကြံပြုချက်တွေ ရယူနိုင်ဖို့ စစ်ဥပဒေချုပ်ရုံးမှာ ဥပဒေအကြံပေးအဖွဲ့နဲ့ ဇူလိုင်လ ၉ ရက်နေ့ကတွေ့ဆုံခဲ့ပြီးနောက် ခုလို ထပ်မံသွားရာက်တာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်းမြောင်းရွာ၊ မြောက်ဦးမြို့နယ် လက္ကာရွာ၊ ဝေသာလီဆုတောင်းပြည့်ဘုရားအနီးဒေသတွေ၊ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ၊ ကျောက်တော်မြို့နယ် မင်းသားတောင်ရွာတို့မှာ အေအေအဖွဲ့နဲ့ ဆက်နွှယ်တယ်ဆိုပြီး သံသယ ရှိသူတွေကို တပ်မတော်က ထိန်းသိမ်းစစ်ဆေးစဉ် သေဆုံးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ လည်း စစ်ဆေးနိုင်ဖို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်က ဇူလိုင်လ ၁၂ ရက်က စပြီး စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းမယ်လို့ ထုတ်ပြန်ထားပါတယ်။