A d v e r t i s e m e n t With Us

အာဇာနည်နေ့တွင် လုံခြုံရေးတွက် ရဲတပ်ဖွဲ့ဝင်အင်အားပြည့်ချထားမည် 

ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ့် ၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရဲတပ်ဖွဲ့အင်အား ၁၀၀ ရာခိုင်နှုန်းအပြည့်နဲ့ လုံခြုံရေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။  လုံခြုံရေးအတွက်ကို ဇူလိုင် ၁ ရက်နေ့ကစတင်ပြီး ၂၀ ရာခိုင်နှုန်းနဲ့ တာဝန်ကျ ဆောင်ရွက်နေပြီး  အာဇာနည်နေ့မှာတော့ လုံခြုံရေးအင်အားအပြည့်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိတဲ့ ရဲလုံခြုံရေးတပ်ဖွဲ့ဝင်အင်အားနဲ့ တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ပြီး မိတ်ဖက်တပ်ဖွဲ့တွေဖြစ်တဲ့ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ ကြက်ခြေနီတပ်ဖွဲ့အပြင် CSO တွေပါပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့  ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ အာဇာနည်အထိမ်းအမှတ်နေရာတွေကို လာရောက်ကြမယ့်သူတွေကို တုတ်၊ ဓား၊ လက်နက်၊ မီးခြစ် ကိုင်ဆောင်ခွင့် တားမြစ်ထားပြီးတော့ X ray စက်တွေနဲ့ စနစ်တကျ စစ်ဆေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အာဇာနည်နေ့မှာကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတ၀န်း နိုင်ငံတော်အလံတ၀က်လွှင့်ထူဖို့နဲ့ အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့အချိန် ၁၀ နာရီ ၃၇ မိနစ်မှာ မော်တော်ယာဉ်တွေ ရောက်ရာအရပ်မှာရပ်တန့်ပြီး အလေးပြု ဟွန်းတီးကျဖို့လည်း သမ္မတရုံးက တိုက်တွန်းထားပါတယ်။  ရန်ကုန်မြို့ရှိ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရတဲ့နေရာဖြစ်တဲ့ ဝန်ကြီးများရုံးကို ဇူလိုင် ၁၉ ရက်နေ့ကနေ ၂၁ ရက်အထိ အများပြည်သူတွေ ဝင်ရောက် လေ့လာဖို့ ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။ ဓာတ်ပုံ- ခိုင်ပန်းနု

A d v e r t i s e m e n t With Us

More News
Up