Home
မြန်မာသတင်း
H1N1 ကြောင့် သေဆုံးသူ ၂ ရက်အတွင်း ၆ ဦး ထပ်တိုးလာ
ပိုင်စိုး
·
July 17, 2019
မြန်မာနိုင်ငံတ၀န်း ရာသီတုပ်ကွေးရောဂါ  H1N1 ကြောင့် သေဆုံးသူဦးရေဟာ ၂ ရက်အတွင်း ၆ ယောက် ထပ်တိုးလာတယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။ မေ ၁ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ သေဆုံးသူပေါင်း ၄၈ ယောက်ရှိပြီး ဇူလိုင် ၁၆ ရက်နေ့မှာတော့ သေဆုံးသူ ၅၆ ယောက်ဖြစ်လာတာပါ။ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ထုတ်ပြန်တဲ့စာရင်းအရ မေ ၁ ကနေ ဇူလိုင် ၁၆ ရက်အထိ သေဆုံးသူ ၄၃ ယောက်မှာ ရန်ကုန်တိုင်းက ၄၃ ယောက်၊ ဧရာဝတီတိုင်းက ၄ ယောက်၊ မွန်ပြည်နယ်က ၃ ယောက်၊ စစ်ကိုင်းနဲ့ ပဲခူးတိုင်းက ၂ ယောက်စီ၊ မကွေးနဲ့ ကချင်ပြည်နယ်တို့က ၁ ယောက်စီဖြစ်ပါတယ်။ ရန်ကုန်တိုင်းထဲမှာတော့ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်တောင်ပိုင်းက ၅ ယောက်စီ သေဆုံး ခဲ့ပြီး မှော်ဘီနဲ့ သာကေတက ၃ ယောက်စီ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ သန်လျင်၊ ရွေပြည်သာ၊ ရန်ကင်းနဲ့ စမ်းချောင်းမြို့နယ်တို့က ၂ ယောက်စီ သေဆုံးခဲ့ပါတယ်။ တွံတေး၊ တိုက်ကြီးနဲ့ ကျောက်တံတားမြို့နယ်တို့ကလွဲရင် ကျန်တဲ့ ၃၇ မြို့နယ်မှာ ဓာတ်ခွဲအတည်ပြု ရောဂါပိုးကူးစက်ခံရသူတွေရှိနေတာပါ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းကလွဲရင် ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ ပိုးတွေ့လူနာတွေရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေရဲ့ ထက်ဝက် ၄၉ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်ကနေ ၆၅ နှစ် အရွယ်တွေဖြစ်ပြီး အသက် ၁ နှစ်ကနေ ၅ နှစ်အရွယ်ကလေးတွေ သေတာကတော့ စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းရှိပါတယ်။ ရာသီတုပ်ကွေးရောဂါ လက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာ နှာရည်ယိုတာနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲပြီး ခေါင်းကိုက်တာ၊ ချမ်းတုန်ဖျားတာနဲ့ ကိုယ်လက် မအီမသာတွေ ဖြစ်လေ့ရှိပါတယ်။ ပြီးတော့ အော့အန်တာ၊ ဝမ်းလျှောတာတွေလည်း ဖြစ်တတ်ပြီး ရောဂါဝင်ရောက်ချိန်ကနေ ရောဂါလက္ခဏာ ပြမယ့်အချိန်က ၁ ရက်ကနေ ၅ ရက်အတွင်း ဖြစ်ပါတယ်။ သေဆုံးသူအများစုဟာ နှလုံး၊ ဆီးချိုလို နာတာရှည်ရောဂါအခံရှိသူတွေလို့ ကျန်းမာရေး ဌာန တာဝန်ရှိသူတွေကပြောပြီး ဒီရောဂါဟာ အသက် ၂ နှစ်အောက် ကလေးငယ်တွေနဲ့ အသက် ၆၅ နှစ် အထက် လူကြီးတွေမှာ ပိုပြီး အဖြစ်များတယ်လို့လည်း ဆိုပါတယ်။ အရင်နှစ်တွေက ရောဂါပိုးတွေ့သူတွေကို ကုသနိုင်ဖို့ ဆေးရုံကြီး ၈ ခုမှာပဲ စီစဉ်ထား ခဲ့ပေမယ့် ဒီနှစ်မှာတော့ မြောက်ဥက္ကလာပ၊ အင်းစိန်၊ လှိုင်သာယာနဲ့ တိုင်းနဲ့ ပြည်နယ်အဆင့် ဆေးရုံကြီး ၁၅ ခုမှာ  တိုးချဲ့ ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။  ၂၀၁၇ ခုနှစ်တုန်းက A(H1N1)pdm09 ပိုးကူးစက်ခံရသူပေါင်း ၄၀၆ ယောက်မှာ ၃၈ ယောက်သေဆုံးခဲ့ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024