ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းမှု တိုင်းပြည်အတွက် အန္တရာယ်ရှိဟု တပ်မတော်သတိပေး
အောင်ဆန်းဦး
·
July 17, 2019
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများစုပြင်ဆင်ဖို့ ကြိုးစားတာဟာ တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်လို့ တပ်မတော်က ပြောကြားလိုက်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်ဖို့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဇူလိုင် ၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ အချက်ပေါင်း ၃၇၀၀ ကျော်ပါဝင်တဲ့ ပြင်ဆင်ရေး အစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။
ဒီအစီရင်ခံစာအရ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အများစုကို ပြင်ဆင်ဖို့ လုပ်ဆောင်လာခြင်းဖြစ်ပြီး ဒီလုပ်ဆောင်ချက်အရ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးစားချက်ဟာ တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်မောင်မောင်က ဇူလိုင် ၁၇ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေကို ပြောဆိုလိုက်တာပါ။
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်းရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းပြီး ကြိုးပမ်းနေတဲ့အပေါ် ထောက်ခံအားပေးတဲ့ လူထုဆန္ဒပြပွဲတွေ ဒီကနေ့ မြန်မာနိုင်ငံအနှံ့ အပြားမှာ ကျင်းပနေပါတယ်။