A d v e r t i s e m e n t With Us

အခြေခံဥပဒေပြင်ဆင်ရေး နတ္တလင်းမြို့တွင် လူပေါင်းထောင်ချီ ထောက်ခံဆန္ဒပြ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံအားပေးတဲ့အနေနဲ့ ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ်မှာ ဒီကနေ့ ဇူလိုင် ၁၇ ရက်မနက်က ဒေသခံလူထု ထောင်ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။ အခု ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကော်မတီတရပ်ဖွဲ့ပြီးဆောင်ရွက်နေတာကို အပြည့်အဝထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကိုပြတဲ့ပွဲတပွဲဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဒေသခံ ကိုထက်ဝေလင်းက ပြောပါတယ်။  ဒီနေ့ဆန္ဒပြပွဲကို နတ္တလင်းမြို့က ဒေသခံအနှေးယာဉ်ဆိုက်ကားအစီး ၁၅၀ ကျော်က လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဆိုက်ကားဆရာဦးမြင့်စိုးက “တိုင်းပြည်ဆင်းရဲနေတာကြောင့် တိုင်းပြည်ထဲမှာ နေထိုင်သူ အများစုကလည်း ဆင်းရဲနေကြတာ။ ဒါက ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ဖြစ်တယ်။ ကျနော်တို့ တလလုံးရှာဖွေတာတောင် တလကို  တသိန်းရအောင်မရှာနိုင်ဘူး။ ဒီစစ်တပ်တခုထဲ ကောင်းစားဖို့ ရေးထားတဲ့ အခြေခံဥပဒေကို လုံးဝဖျက်သိမ်းရမယ်”လို့ပြောပါတယ်။ ဒီနေ့ ဆန္ဒပြပွဲကို နတ္တလင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာလူစုပြီး အဲဒီကနေ ရန်ကုန်-ပြည်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ကံကြီးလမ်း၊ တာပွန်လမ်း၊ ရန်ကုန်ပြည်လမ်းတွေကနေ စုရပ်ပြန်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ နတ္တလင်းမြို့နယ်ထဲက  ကျေးရွာတွေကနေ အင်အားထောင်ချီပြီး တက်ရောက်ခဲ့ကြကာ လမ်းခရီးတလျှောက်မှာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်တဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေ အလိုမရှိဆိုတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး ကြွေးကျော်ဆန္ဒပြခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up