Home
မြန်မာသတင်း
လူ့အခွင့်အရေးကော်မရှင်ထံ ပြည်နယ်များက တိုင်တန်းချက် အားနည်းနေ
DVB
·
July 16, 2019
လူ့အခွင့်အရေးကော်မရှင်အကြောင်း အများပြည်သူတွေအကြား သိပ်မသိကြတာနဲ့ ပြည်နယ်တွေကနေ တိုင်တန်းချက်ရတာ နည်းနေတာဟာ ကော်မရှင်ရဲ့ အားနည်းချက် ဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဆိုပါတယ်။ ၂၀၂၀-၂၄ ခုနှစ်အတွက် ဆွေးနွေးထားတဲ့ မဟာဗျူဟာစီမံကိန်းမူကြမ်းမှာ ဖော်ပြထား တာပါ။ ကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်တာကို ထိပါးစေပြီး စိန်ခေါ်မှုတွေဖြစ်စေတဲ့ ထူးခြားတဲ့ အကြောင်းအချက်တွေရှိသေးတယ်လို့လည်း ဆိုပါတယ်။ ဒါတွေကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအကြောင်း နားလည်မှုနည်းတာ၊ အာဏာပိုင် တွေကို ဆန့်ကျင်ပြီး တိုင်တန်းတာ၊ ပြောဆိုတာတွေကြောင့် ဖြစ်လာမယ့် တုံ့ပြန်မှု ဂယက်ကို ပြည်သူတွေက စိုးရိမ်ကြောင့်ကြနေကြတယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဆိုပါတယ်။ ဒါ့အပြင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရာမှာ အကန့်အသတ်ဖြစ်နေသေးတာက အားနည်းချက်ဖြစ်နေသလို လက်ရှိ ကော်မရှင်အဖွဲ့မှာ ၁၀ ယောက်ရှိပြီး အမျိုးသမီးတယောက်တည်းပါတာကြောင့် ကျား၊ မ မမျှတတာ၊ မတူကွဲပြားပါဝင်မှု အကန့်အသတ်ရှိတာ၊ ဝန်ထမ်းတွေရဲ့ အုပ်ချုပ်မှုအဆင့်မှာ ကျား၊ မ မမျှတာတာ၊ ဝန်ထမ်းတွေမှာ မတူကွဲပြားပါဝင်တာမရှိတာတွေကလည်း အားနည်းချက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကော်မရှင်ဥက္ကဋ္ဌကို ပြည်ထောင်စုဝန်ကြီးအဆင့်၊ အဖွဲ့ဝင်တွေကို ဒု ဝန်ကြီးအဆင့် သတ်မှတ်ထားတာ၊ လေ့လာလုပ်ကိုင်လိုစိတ်ရှိပြီး အလုပ်အပေါ် သစ္စာရှိတဲ့ ဝန်ထမ်းတွေရှိနေတာ စတာတွေကတော့ အားသာချက်တွေဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၁ ခုနှစ်မှာ စဖွဲ့ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ ဥပဒေအရ တည်ထောင်တဲ့ အဖွဲ့အစည်းတခု ဖြစ်လာခဲ့တာပါ။ လက်ရှိမှာတော့ ကော်မရှင်ကို အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းတွေဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးကနေ B အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024