Home
မြန်မာသတင်း
မူဆယ်တွင် သေနတ်ဖြင့်လိုက်လံပစ်ခတ်သဖြင့် တရုတ်နိုင်ငံသား ၁ ဦးသေဆုံး 
နန်းမြနဒီ
·
July 16, 2019
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ပေါ်မှာ  ဒီနေ့ ဇူလိုင် ၁၆ ရက်မနက်က ဆိုင်ကယ်စီးလာတဲ့ တရုတ်နိုင်ငံသားတဦးကို ကားတစီးပေါ်ကနေ သေနတ်နဲ့ မသေမချင်း လိုက်လံပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီမနက် ၁၁ နာရီခွဲလောက်က လူတဦးဟာ ဆိုင်ကယ်စီးပြီး  မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်း လမ်းမကြီးအတိုင်းမောင်းနှင်လာစဉ် မတ်တူးကားတစီးက အနောက်ကနေ လိုက်လံ ပစ်ခတ်ခဲ့ရာမှာ လဲကျသေဆုံးသွားခဲ့တယ်လို့ အပစ်ခံရသူကို ဆေးရုံသို့ ကူညီသယ်ဆောင်ပေး ခဲ့တဲ့ မူဆယ်မြို့ ဂရုဏာလူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။  “ကျနော်တို့ရောက်သွားတော့ အပစ်ခံရသူက အဲဒီနေရာမှာတင် ပွဲချင်းပြီး သေဆုံးနေ ပါပြီခင်ဗျ။  သေနတ်ဒဏ်ရာက နောက်စေ့မှာ ၄ ချက်၊ လက်ဖျံကြောမှာ ၁ ချက်၊ ခါးမှာ ၁ ချက်၊ တင်ပါးမှာ ၁ ချက် စုစုပေါင်း ၇ ချက်ထိပါတယ်ခင်ဗျ။ မျက်မြင်တွေပြောပြတာတော့ အဲဒီလူက ဆိုင်ကယ်နဲ့ ထွက်ပြေးလာပြီး ရွှေအိုရောင်မတ်တူးကားက သေနတ်နဲ့လိုက်ပစ်တယ်လို့ ပြောပါတယ်။ တနေရာရောက်တော့ သူက လမ်းမကြီးမှာ ဆိုင်ကယ်ထားပြီး သူများအိမ်ဝင်းထဲ ထွက်ပြေးတယ်၊ ပြီးတော့ အိမ်ဘေးလမ်းကြားထဲဝင်ပြီး လဲကျသွားတယ်။ အခင်းဖြစ်ပြီးတော့ ရဲတွေရောက်လာပါတယ်ခင်ဗျ။ ပစ်တဲ့ကားကတော့ ထွက်ပြေးသွားပြီ” အပစ်ခံရသူမှာ အသက် ၄၀ ခန့်ရှိ တရုတ်နိုင်ငံသား ၁ ဦးဖြစ်ပြီး  စွမ်ဆော်ရပ်ကွက်ရှိ နေအိမ်တအိမ်မှာ လာရောက်တည်းခိုနေကြောင်း အဲဒီမှာ လာတည်းတာ ၄ ရက်လောက်ပဲ ရှိတယ်လို့ သိရပါတယ်။ ကားနဲ့ လိုက်ပြီး ပစ်ခတ်သူတွေကတော့ ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘာကြောင့် ခုလို ပစ်ခတ်ရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။  အခုလိုမြို့ပေါ် လူမြင်ကွင်းမှာပစ်ခတ်နေတာဟာ မူဆယ်မှာ တရားဥပဒေစိုးမိုးမှုမရှိဘဲ လက်နက်ကိုင်သောင်းကျန်းနေတဲ့အရပ်ဒေသလိုဖြစ်နေကြောင်း၊ ပြည်သူတွေမှာ မလုံမခြုံ၊ အထိတ်တလန့်နဲ့ နေနေရတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ အတတ်နိုင်ဆုံး ထိန်းချုပ်ပေးစေလိုတယ်လို့ ဒေသခံက ပြောပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024