Home
မြန်မာသတင်း
ကောလင်းမြို့နယ်၊ လာကာကြိုးဝိုင်းအတွင်း နိုင်ငံခြားကုမ္ပဏီများကို ရွှေစမ်းသပ် ရှာဖွေခွင့်ပြု 
ပိုင်စိုး
·
July 16, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ရှိ လာကာကြိုးဝိုင်းထဲမှာ တွေ့ရှိထားတဲ့ ရွှေထွက်တဲ့နေရာကို နိုင်ငံခြား ကုမ္ပဏီတွေကို စမ်းသပ်ရှာဖွေဖို့ ခွင့်ပြုထားပြီးဖြစ်တယ်လို့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒု ဝန်ကြီးက ပြောပါတယ်။ မနေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ကောလင်း မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က မေးမြန်းရာမှာ ဒုဝန်ကြီးက ဖြေကြားခဲ့တာပါ။ ရှာဖွေတွေ့ရှိထားတဲ့ ရွှေထွက်ရာနေရာကို အသေးစား၊ အလတ်စား ဒါမှမဟုတ် အကြီးစား တူးဖော်ခွင့် ဘယ်လိုပေးမလဲဆိုတာ ပွင့်ပွင့်လင်းလင်း ကြေညာပြီး လေလံပစ်တဲ့စနစ်နဲ့ မျှတတဲ့ ယှဉ်ပြိုင်ခွင့် ပေးနိုင်၊ မပေးနိုင်ကိုမေးခဲ့တာပါ။ လွှတ်တော်အမတ် ဦးမျိုးဇော်အောင်က “ဒီရွှေကြောဟာ ဘယ်လောက်တောင်ရှိလဲဆိုတာကို စမ်းသပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ပထမဦးဆုံး ကျနော်တို့ အမြင့် အစိတ်အပိုင်းကို စမ်းသပ်တဲ့အခါမှာ ppm 32 (0.0032) ထိအောင်ရှိပါတယ်။ တော်တော်ကိုပဲ မြင့်ပါတယ်။ ဒါပေမယ့်လည်း ပတ်ဝန်းကျင်ပျမ်းမျှ ယူထားတာမဟုတ်ဘဲနဲ့ ရွှေပါတဲ့နေရာကိုပဲ ယူထားတာဖြစ်နေပါတယ်။ ဒီရွှေကြောဟာ ဘယ်လောက်တောင်ကြီးပြီး ဘယ်လောက်တောင်ဆင်းသွားတယ်ဆိုတာ မသိနိုင်ပါဘူး။  ရွှေတူးဖော်ခွင့်ရဖို့ ဒေသခံတွေ၊ ကုမ္ပဏီတွေက လျှောက်ထားခဲ့ကြပေမယ့် မရဘဲ နောက်ပိုင်းမှာတော့ ဒီနေရာကို နိုင်ငံခြားကုမ္ပဏီတခုကို စမ်းသပ်လုပ်ကွက်အဖြစ် ချထားပေးပြီး ဖြစ်လို့ လျှောက်လို့မရတော့ဘူးလို့ ဒေသခံတွေကို ဌာနဆိုင်ရာက လာပြောတာကို သိရတယ်လို့ လည်း သူက ပြောပါတယ်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒု ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက “လာကာ ဒေသဟာ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ကန့်ဘလူ၊ ထီးချိုင့် မြို့နယ်တွေအတွင်း ရွှေနဲ့ကြေးနီ သတ္တုအကြီးစား သတ်မှတ်လုပ်ကွက်ဧရိယာ ၁၁၉၅၅ ဒသမ ၉၉ စတုရန်းကီလိုမီတာအတွင်း ကျရောက်နေတာကို စစ်ဆေးတွေ့ရှိရပါတယ်။  ရွှေတွေ့ရှိရာ နေရာ ဟာ ပြည်ပကုမ္ပဏီတွေ ဖြစ်ကြတဲ့ Myanmar Reserves Development ကုမ္ပဏီရဲ့ ရွှေနဲ့ကြေးနီ ဆက်စပ်သတ္တုများ ရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနဲ့ ဖြစ်မြောက်နိုင်စွမ်း လေ့လာရေး လုပ်ငန်း ခွင့်ပြုထားတဲ့ ဧရိယာ ၆၅ ဒသမ ၁၀၃၂ စတုရန်းကီလိုမီတာအတွင်း ကျရောက်လျက်ရှိပါတယ်” လို့ လွှတ်တော်မှာ ပြောပါတယ်။ ဂျပန်အခြေပြု Myanmar Reserves Development ကုမ္ပဏီဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာပဲ ဝန်ကြီးဌာနရဲ့ ခွင့်ပြုမိန့်ရပြီး ဘူမိဗေဒလေ့လာရေးနဲ့ ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာနနဲ့ အဲဒီနေ့မှာပဲ နှစ်ဖက်သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။  ဒါ့အပြင် လာကာကြိုးဝိုင်းထဲမှာပါနေတဲ့ ကျန်ဧရိယာတွေဟာ Daewoo Precious Resources ကုမ္ပဏီက ရှာဖွေစမ်းသပ်တိုင်းတာရေးလုပ်ငန်းတွေလုပ်ခဲ့ပြီး ၂၀၁၈ ခု နှစ်ဆန်းပိုင်းမှာ ပြန်အပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကုမ္ပဏီနဲ့ ဖက်စပ်လုပ်နေတဲ့ မြောက်ကျွန်းသူမမ ကုမ္ပဏီက ပြန်လျှောက်ထားလို့ ကုမ္ပဏီနှစ်ခုကြားက Buffer Zone (ကြားခံနယ်မြေ) မှာ ကျရောက်နေတာ၊ ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ လုပ်ကွက်သစ်လျှောက်တာကို ပြန်လက်ခံခဲ့တာကြောင့် အချင်းချင်း လုပ်ကွက်တွေ ထပ်နေတာ၊ Myanmar Reserves Development ကုမ္ပဏီရဲ့ တိုးချဲ့လုပ်ကွက်နဲ့ မလွတ်တာကြောင့် ရှုပ်ထွေးလာနိုင်လို့ လက်ရှိမှာတော့ လုပ်ကွက်သစ်တွေ ချထားလို့ မရဘူးလို့ ဆိုပါတယ်။  လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က မေးမြန်းခဲ့တာမှာ သူ ကိုယ်စားလှယ်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဒီနေရာမှာ ရွှေတွေ့ခဲ့တာဖြစ်ပြီး ဒေသခံတွေလျှောက်ပေမယ့် မရဘဲ လွန်ခဲ့တဲ့ တနှစ်လောက်ကမှ ဌာနဆိုင်ရာက နိုင်ငံခြားကုမ္ပဏီတခုကို စမ်းသပ်လုပ်ကွက်အဖြစ် ချထားပေးပြီး ဖြစ်တာကို လာပြောတာလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒု ဝန်ကြီးက လက်ရှိကုမ္ပဏီတွေက လုပ်ကွက်တွေ ပြန်အပ်တာ၊ လျှော့ချတာတွေလုပ်မှ တခြားသူတွေကို ပေးနိုင်မယ်လို့ ပြောပါတယ်။ အဲဒီလိုပေးရမှာလည်း မှတ်ပုံတင်ထားပြီး အရင်လျှောက်ထားသူ၊ အဖွဲ့အစည်းကို စိစစ်ရွေးချယ်တာတွေလုပ်ရမယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ အကြီးစားနဲ့ အလတ်စားဓာတ်သတ္တုလုပ်ကိုင်ခွင့်ပြုမယ့် နယ်မြေဧရိယာ ၄ ခု၊ အသေးစားနဲ့ လက်လုပ်လက်စား လုပ်ကိုင်ခွင့်ပြုတဲ့ နယ်မြေ ဧရိယာ ၃ ခု သတ်မှတ်ထားတယ်လို့လည်း ဒု ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024