Home
မြန်မာသတင်း
မန္တ​လေးတိုင်းတွင် လျှပ်စစ်မီး ခိုးယူသုံးစွဲသူများထံက ဒဏ်ကြေးငွေ ကျပ် ၁ ဘီလီယံကျော်ရရှိ
DVB
·
July 16, 2019
မန္တ​လေးတိုင်းမှာ ပြီးခဲ့တဲ့ ၁၄ လအတွင်း တရားမဝင်ဓာတ်အားခိုးယူ သုံးစွဲမှုပေါင်း ၁၀၁ မှု တွေ့ရှိခဲ့ပြီး ဒဏ်ကြေးငွေ ကျပ်သန်းပေါင်း ၁၀၂၁သန်းကျော် ရရှိခဲ့တယ်လို့ မန္တ​လေးတိုင်း ဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ကနေ သိရပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလကနေ ၂၀၁၉ခုနှစ် မေလအတွင်း အခုလို ဒဏ်ကြေးငွေ ကျပ်သန်းပေါင်း ၁၀၀၀ ကျော် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဓာတ်အားတရားမဝင်ခိုးယူသုံးစွဲမှုမှာ စက်ရုံအလုပ်ရုံတွေက ခိုးယူသုံးစွဲတာ အများဆုံး ဖြစ်ပြီး သံရည်ကြိုစက်ရုံအချို့က ခိုးယူသုံးစွဲမှု ပိုမိုများပြားတယ်လို့ မန္တ​လေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဒုတိုင်း အထွေထွေမန်နေဂျာ ဦးမြင့်လွင် ကပြောပါတယ်။ "စက်ပစ္စည်းတွေဝန်အားက ဘယ်လောက်ရှိတယ်ဆိုတာ ကျနော်တို့ ခန့်မှန်းလို့ ရတယ်လေ။ တနာရီသုံးရင် ဘယ်လောက်ရှိတယ်။ တနေကုန်သုံးရင် ဘယ်လောက်ရှိတယ်။ နှစ်ဆယ့်လေးနာရီ သုံးရင် ဘယ်လောက်ရှိတယ်။ သို့သော်လည်းပဲ သူ့ရဲ့ယူနစ်တွေကို ပြန်ကြည့်လိုက်ရင် သူ့ စက်ရုံပမာဏနဲ့ သူသုံးစွဲနေတဲ့ ယူနစ်တွေက သိပ်နည်းနေလို့ရှိရင် ကျနော်တို့ ရှောင်တခင် ၀င်စစ်လို့ရတယ်။ ဝင်စစ်တဲ့အချိန်မှာ အခု ဖမ်းမိတဲ့ ငွေပမာဏဆိုတာလည်း သံရည်ကြိုစက်ရုံတွေပေါ့။ သံရည်ကြို စက်ရုံတွေက များတယ်။ စက်ရုံအလုပ်ရုံတွေပဲ များတာပါ။ သာမန်အိမ်သုံးတဲ့ လူတွေရဲ့ ဓာတ်အားက ဘယ်လောက်မှ မရှိဘူး။ သူတို့ သွားဖမ်းလို့လည်း ဘယ်လောက်မှ မရဘူး'' ဓာတ်အားခိုးယူသုံးစွဲမှုတွေကို ဖမ်းဆီးမိတဲ့အခါမှာ လျော်ကြေး၊ ဒဏ်ကြေး၊ နစ်နာကြေး တောင်းခံရုံတင်မက တရားစွဲဆိုဖို့အထိပါ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။ ဒုတိုင်းအထွေထွေ မန်နေဂျာ ဦးမြင့်လွင်က "ဓာတ်အားခတွေ ဖမ်းမိလို့ရှိရင် သူက လျော်ကြေး၊ ဒဏ်ကြေး၊ နစ်နာကြေးဆိုတဲ့ ၅၀၄/၂၀၁၉ပေါ့ ဒီဟာနဲ့ပတ်သက်ပြီးတော့မှ ထုတ်ထားတဲ့ ညွှန်ကြားချက်တွေရှိတယ်။ အဲ့ဒီအတိုင်း ကျနော်တို့က လျော်ကြေး၊ ဒဏ်ကြေး တောင်းဆိုပါတယ်။ မပေးလို့ရှိရင်တော့ ဒါ ကျနော်တို့ ရဲစခန်းမှာ အမှုဖွင့်ပြီးတော့မှ တရားစွဲပါတယ်။ ခုကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ ပေးရုံတင်မရဘူး။ ဒီလိုပေးပြီးတော့မှ မိရင်ပြန်ပေးတယ် ဆိုလို့ရှိရင် ဒီလိုပဲခိုးနေကြမှာပေါ့၊ အဲ့ဒီတော့ ဒီလိုခိုးတယ်ဆိုတဲ့ စိတ်ကို မကြိုက်ဘူး။ မကြိုက်တဲ့ အတွက်ကြောင့် သူ လျော်ကြေးပေးလည်းပဲ နောင်ဆိုရင် တရားစွဲ ပါဆိုပြီးတော့မှ ဒီလိုလေး ညွှန်ကြားထားတာရှိတယ်။''လို့ ပြောပါတယ်။ ဒီလိုတရားမဝင်ခိုးယူသုံးစွဲမှုတွေမှာ မီတာမရှိဘဲ လိုင်းကြေးကနေ တိုက်ရိုက်ချိတ်ဆွဲ ခိုးယူတာနဲ့ မီတာယူနစ်မတက်အောင် မီတာအလည်နှေးအောင် ဆောင်ရွက်ပြီးခိုးယူမှုတွေက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ သတင်း- ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024