A d v e r t i s e m e n t With Us

H1N1 ကူးစက်ခံရသည့် ဖျာပုံမြို့နယ်က  အသက် ၁နှစ်အရွယ် မိန်းကလေးငယ်သေဆုံး

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ ဒေးဒရဲနဲ့ မော်လမြိုင်ကျွန်းမြို့နယ်တွေမှာ  H1N1 ရာသီတုပ်ကွေးရောဂါရှိသူ ၃ ဦးတွေ့ရှိပြီး အသက် ၁ နှစ်သမီး အရွယ် မိန်းကလေးငယ် တဦး သေဆုံးခဲ့တယ်လို့ ဖျာပုံဆေးရုံအုပ်ကြီးက ပြောပါတယ်။ ဖျာပုံမြို့ ကုတင် ၂၀၀ ဆေးရုံကြီးမှာ တက်ရောက်ကုသတဲ့ လူနာတွေထဲက  H1N1 ရာသီတုပ်ကွေးရောဂါ သံသယရှိတဲ့ လူနာ ၈ ဦးကို ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးရာမှာ H1N1 ပိုးရှိနေသူ ၃ ဦးတွေ့ရှိခဲ့တာပါ။  ဖျာပုံမြို့နယ် ကျေးရွာတရွာက အသက် ၁ နှစ်အရွယ် သမီးလေး မဇွန်ပွင့်ဖြူကတော့ H1N1 ရောဂါတွေ့ရှိလို့ ရန်ကုန်ကလေးဆေးရုံကြီးကို ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားတယ်လို့ ဖျာပုံမြို့အထွေထွေ ရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှက အတည်ပြု ပြောပါတယ်။ H1N1 သံသယရှိသူတွေနဲ့ ရောဂါဖြစ်ပွားနေသူတွေဟာ ဇူလိုင်လထဲမှာ ဖျာပုံ ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှုခံယူနေကြတာဖြစ်ပါတယ်။ အဲဒီလူနာတွေကတော့ ဖျာပုံမြို့ ၇ ရပ်ကွက်က အသက် ၆၆ နှစ်အမျိုးသမီး ၁ ဦး၊ ဒေးဒရဲမြို့နယ်၊ မှော်အိုင်ကျေးရွာက အသက် ၅၃ နှစ်ရှိ အမျိုးသား ၁ ဦး၊ မော်လမြိုင်ကျွန်းမြို့နယ်မှ အသက် ၁၆  နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ ဖျာပုံမြို့နယ်မှ ရန်ကုန်ကလေးဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ပြီး သေဆုံးသွားတဲ့ ၁ နှစ်သမီးလေး မဇွန်ပွင့်ဖြူတို့ ဖြစ်ပါတယ်။ မော်လမြိုင်ကျွန်းမြို့နယ်က အမျိုးသားတဦးက နေကောင်းသွားလို့ ဖျာပုံဆေးရုံကြီးကနေ ဇူလိုင် ၁၅ ရက်နေ့မှာ ဆင်းသွားပြီး ဖျာပုံမြို့မှ အမျိုးသမီး ၁ ဦးနဲ့ ဒေးဒရဲမြို့နယ်က အမျိုးသား ၁တို့ကတော့ ရန်ကုန် မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ အတွင်းလူနာနဲ့ ဆေးကုသမှု ခံယူနေ ပါတယ်။ H1N1 ပိုးတွေ့ရှိသူတွေရဲ့ မိသားစုဝင်တွေနဲ့ လူနာစောင့်တွေကိုလည်း H1N1 ကာကွယ်ဆေးထိုးပေးထားတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ဖျာပုံမြို့နယ်အတွင်းမှာ H1N1 ရာသီတုပ်ကွေးရောဂါ အသိပညာပေးမှုတွေကို မြို့ပေါ်နဲ့ ကျေးရွာတွေမှာ ဗီနိုင်းပိုစတာတွေ၊ လက်ကမ်းစာစောင်တွေနဲ့ ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျန်းမာရေး အသိပညာပေးဆောင်ရွက်သွားမယ်လို့ ဆေးရုံအုပ်ကြီးကပြောပါတယ်။ ဇူလိုင် ၁၅ ရက်အထိ တနိုင်ငံလုံးမှာ H1N1 ကူးစက်ခံရသူ ၂၇၄ ယောက်ရှိပြီး အဲဒီထဲက ၅၄ ယောက် သေဆုံးခဲ့ပါတယ်။ ဧရာဝတီတိုင်းကတော့ ဖြစ်ပွားသူ  ၂၁ ယောက်ရှိပြီး ၄ ယောက် သေဆုံးခဲ့ပါတယ်။ ကျော်စိုးမိုး

A d v e r t i s e m e n t With Us

More News
Up