ဂျပန်ကုန်စည်များကို သပိတ်မှောက်ရန် တောင်ကိုရီးယား ကုန်သည်များ ဆော်သြ

ဂျပန်အစိုးရရဲ့ တင်ပို့ကုန် ကန့်သတ်ချက်ကို ဆန့်ကျင်ပြီး တောင်ကိုရီးယား ကုန်သည်တွေ ဆန္ဒပြခဲ့ကြသလို ဂျပန်ကုန်စည်တွေကို သပိတ်မှောက်ကြဖို့လည်း ဆော်သြနေပါတယ်။
ဂျပန်ကုန်စည်တွေကို သပိတ်မှောက်ဖို့ တောင်ကိုရီးယား ကုန်သည်တွေက ဆော်သြရင်း တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မှာ ဇူလိုင် ၁၅ ရက်နေ့က ချီတက် ဆန္ဒပြကြတာပါ။
ဂျပန်က သူ့ရဲ့ အဆင့်မြင့်နည်းပညာတွေ တောင်ကိုရီးယားဆီ တင်ပို့မှု ကန့်သတ်အပြီး ကမ္ဘာ့ တတိယ စီးပွားရေးအင်အားကြီးနိုင်ငံ ဂျပန်နဲ့ တောင်ကိုရီးယားအကြား ဆက်ဆံရေး တင်းမာနေပါတယ်။
ကုန်တိုက်ပိုင်ရှင်အများစု အပါအဝင် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေက ဆန္ဒပြသူ အယောက် ၃၀ လောက် ဂျပန်သံရုံးနားမှာ စုရုံးခဲ့ကြပြီး ဂျပန်အမှတ်တံဆိပ် အဝတ်တွေကို ညှပ်ထုတ်ဖျက်ဆီးတာနဲ့ ဂျပန်ဘီယာတွေကို အမှိုက်ပုံးထဲ စွန့်ပစ်တာတွေ လုပ်ပြခဲ့ပါတယ်။
အရင်အပတ်က ဆွေးနွေးပွဲမှာ ဂျပန်က စော်ကားခဲ့လို့ ဂျပန်ကုန်စည်တွေကို တောင်ကိုရီးယား ကုန်သည်တွေက ဆက်ပြီး သပိတ်မှောက်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။
ဂျပန်ရဲ့ မတရားမှုကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (WTO) ရဲ့ ဇူလိုင် ၂၃ နဲ့ ၂၄ ရက်တွေမှာ ကျင်းပမယ့် အထွေထွေကောင်စီ အစည်းအဝေးမှာ တိုင်ကြားဖို့ ပြင်ဆင်နေတယ်လို့ တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်မှာ ပြောခဲ့ပါတယ်။