Home
မြန်မာသတင်း
အကြံပြုချက်ပေါင်း ၃၇၀၀ ကျော်ပါ ဖွဲ့စည်းပုံပြင်ဆင်ရေးအစီရင်ခံစာ လွှတ်တော်သို့ တင်သွင်း
ပိုင်စိုး
·
July 15, 2019
ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲဖို့ တင်ပြလာတဲ့ အကြံပြုချက်ပေါင်း ၃၇၀၀ကျော်ပါရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့  ဇူလိုင် ၁၅ ရက်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလိုက်ပါတယ်။ အစီရင်ခံစာမှာ စုစုပေါင်းအကြံပြုချက် ၃၇၆၅ ချက်ရှိပြီး ဒီထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၁၁၁၂ ချက်နဲ့ အများဆုံး အကြံပြုထားပါတယ်။ ရခိုင်အမျိုးသားပါတီက ၈၅၈ ချက် အကြံပြုထားလို့ ဒုတိယ အများဆုံးဖြစ်ပြီး အန်အယ်လ်ဒီကတော့ ၁၁၃ ချက် အကြံပြုထားတာကို တွေ့ရပါတယ်။ အခြေခံဥပဒေရဲ့ အခန်း ၁၅ ခန်းမှာ နိုင်ငံတော်အခြေခံမူတွေ၊ ဖွဲ့စည်းပုံပြင်ဆင်တာနဲ့ ကူးပြောင်းရေး ကာလပြဋ္ဌာန်းချက်၊ အထွေထွေပြဋ္ဌာန်းချက်တို့မှာ အများဆုံးပါဝင် အကြံပြု ထားတာကို တွေ့ရပါတယ်။ အခန်းကဏ္ဍအလိုက်အကြံပြုကြတာမှာတော့ အုပ်ချုပ်ရေးကဏ္ဍမှာ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲဖို့ ၁၁၁၂ ချက် ရှိနေပြီး ဥပဒေပြုရေးမှာ ၈၅၉ ချက်၊ တရားစီရင်ရေးမှာ ၆၃၂ ချက်၊ နိုင်ငံတော် အခြေခံမူများမှာ ၂၃၁ ချက်၊ နိုင်ငံတော်အကြီးအကဲအခန်းမှာ ၂၁၈ ချက် စသည်ဖြင့် တင်ပြထားပါတယ်။ ဒီအစီရင်ခံစာကို ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဇူလိုင် ၁၈ ရက် နောက်ဆုံးထားပြီး အမည်စာရင်းပေးဖို့ ပြည်ထောင်စုလွှတ်တော် နာယကက ဦးတီခွန်မြတ်က ကြေညာခဲ့ပါတယ်။ ဒါကို အချိန်နည်းနေလို့ လေ့လာဖို့ အချိန်မလောက်ဘူးလို့ ကိုယ်စားလှယ်တဦးက တင်ပြတဲ့အတွက် ဇူလိုင် ၂၂ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်းပေးသွင်းဖို့ လွှတ်တော်နာယကက ပြောင်းလဲ သတ်မှတ် ကြေညာခဲ့တယ်။  အဖွဲ့ဝင် ၄၅ ဦးပါ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှာ စဖွဲ့ခဲ့ပြီး နိုင်ငံရေးပါတီ ၁၄ ခုက ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ၊ တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေကတော့ ဒီလိုပြင်ဆင်တာကို ကန့်ကွက်ခဲ့သလို ကော်မတီအစည်းအဝေးတွေတက်ခဲ့ပေမယ့် ပြင်ဆင်ဖို့ အဆိုတင်တာ၊ သဘောထားမှတ်ချက် ပေးတာတွေ မလုပ်ခဲ့ဘဲ ဒီအစီရင်ခံစာဆိုင်ရာ လုပ်ငန်းစဉ်တွေဟာလည်း ဖွဲ့စည်းပုံဥပဒေနဲ့ မကိုက်ညီဘူးလို့ သဘောထားမှတ်ချက်ပေးထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024