ဟောင်ကောင်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန်တိုက်ခိုက် (ရုပ်သံ)

ဟောင်ကောင်ကျွန်း လူနေခရိုင် ရှားတင်မှာ လူထောင်သောင်းချီပြီး ရာဇဝတ်သား သံသယရှိသူကို လွှဲပြောင်းပေးမယ့် ဥပဒေမူကြမ်းကို ဆန့်ကျင် ဆန္ဒပြအပြီး ဇူလိုင် ၁၄ ရက်က လမ်းတွေကနေ ကုန်တိုက်တန်းတွေအထိ အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။ ဇိမ်ခံ ကုန်အမှတ်တံဆိပ်တွေ ရောင်းချရာ ကမ္ဘာ့အကြီးဆုံး ကုန်တိုက်တန်းထဲမှာ ရဲတွေက ဆန္ဒပြသူတွေကို ငရုတ်ကောင်းရည်တွေနဲ့ ပက်ဖျန်းလူစုခွဲလို့ လက်တုံ့ပြန်တဲ့အနေနဲ့ ဆန္ဒပြသူတွေက ထီးတွေ၊ ပလတ်စတစ် ပုလင်းတွေနဲ့ ပြန်ပစ်ပေါက်ခဲ့ကြတဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ တရုတ်ပြည်မကြီးက သံသယရှိသူတွေကို ပြည်မကြီးမှာ တရားစီရင်နိုင်ဖို့ ဟောင်ကောင်ကနေ ပြည်မကြီးဆီကို လွှဲပေးခွင့်ပြုမယ့် ဥပဒေမူကြမ်းကို ဟောင်ကောင်သားတွေ ဒေါသထွက်ခဲ့ကြပြီး ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြနေကြတာပါ။ ဒါကြောင့် အရင်လက ဟောင်ကောင်သမိုင်းမှာ အကြီးဆုံးနဲ့ အကြမ်းဖက်ဆုံး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့အပြီး ဥပဒေမူကြမ်းက အသက်မဝင်တော့ဘူးလို့ ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ်က ပြောပါတယ်။ အစိုးရရဲ့လုပ်ရပ်က မအောင်မြင်ဘူးလို့လည်း ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် အတိုက်အခံတွေကတော့ ဒီဥပဒေမူကြမ်းကို တရားဝင်ရုပ်သိမ်းဖို့ ဆက်တောင်းဆို တိုက်ပွဲဝင်နေပါတယ်။ ဟောင်ကောင်ဟာ ဗြိတိန်လက်အောက်ကနေ ကွန်မြူနစ်ပါတီ ဦးဆောင်တဲ့ တရုတ်ပြည်မကြီး လက်အောက်ကို တနိုင်ငံ စနစ်နှစ်မျိုး မူဝါဒနဲ့ အုပ်ချုပ်မယ့် သဘောတူညီချက်နဲ့ ရောက်လာခဲ့တာပါ။ လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ ဆန္ဒပြခွင့်တွေ အပါအဝင် တရုတ်ပြည်မကြီးမှာ မခံစားရတဲ့ လွတ်လပ်ခွင့်ကို ဟောင်ကောင်ပြည်သူတွေအတွက် နှစ် ၅၀ အာမခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up