နည်းပညာပြဿနာကြောင့် ဒုတိယမြောက် အိန္ဒိယ လကမ္ဘာ စူးစမ်းလေ့လာရေးမစ်ရှင် ရပ်ဆိုင်း

ဓာတ်ပုံ - EPA
အိန္ဒိယနိုင်ငံကနေ ဒုတိယမြောက် လွှတ်တင်မယ့် လကမ္ဘာ စူးစမ်းလေ့လာရေးမစ်ရှင်ဟာ နည်းပညာဆိုင်ရာ ပြဿနာတခုကြောင့် လွှတ်တင်မယ့်အချိန်ထက် တနာရီနောက်ကျ ရပ်ဆိုင်းခဲ့ရပါတယ်။ အိန္ဒိယ အာကာသသိပ္ပံ အေဂျင်စီက လွှတ်တင်မယ့်ယာဉ်မှာ နည်းပညာဆိုင်ရာ ပြဿနာတခု တွေ့ခဲ့ရပြီးနောက် လွှတ်တင်မယ့်အချိန် မတိုင်ခင် ၅၆ မိနစ်အလိုမှာ ခုလို ရပ်ဆိုင်းခဲ့ရကြောင်း ပြောပါတယ်။ ဒီအစီအစဉ်ကိုတော့ ဇူလိုင် ၁၅ ရက်နေ့ ဒေသစံတော်ချိန် ၂း၅၁ နာရီမှာ အိန္ဒိယ အရှေ့ဘက်ကမ်းရိုးတန်း ဆီရိဟာဆီကိုတာ အာကာသစခန်းကနေ ပစ်လွှတ်ဖို့ စီစဉ်ထားခဲ့တာပါ။ အခုပစ်လွှတ်မယ့် Chandrayaan-2 လကမ္ဘာစူးစမ်းလေ့လာရေး အာကာသယာဉ်ဟာ အိန္ဒိယရဲ့ ဒုတိယမြောက် လခရီးစဉ် စီမံကိန်းဖြစ်ပြီး ပထမခရီးစဉ်ကိုတော့ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ  Chandrayaan-1 အမည်နဲ့ လွှတ်တင်ခဲ့ကာ လကိုပတ်ရုံသာ ပတ်နိုင်ခဲ့ပါတယ်။ ခုလွှတ်တင်မယ့် ဒုတိယမြောက် စီမံကိန်းမှာတော့ လဆင်းသက်ယာဉ်၊ လပတ်ယာဉ်နဲ့ လပေါ်သွားယာဉ်တွေ ပါဝင်မှာဖြစ်ပြီး လရဲ့ မျက်နှာပြင်အနေအထား၊ ဓာတ်သတ္တု၊ ရေနဲ့ ကျောက်သား ဖွဲ့စည်းပုံတွေကို အဓိကထားပြီး လေ့လာသွားမယ်လို့ ဆိုပါတယ်။ အိန္ဒိယအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန် Chandrayaan-2 လကမ္ဘာ စူးစမ်းလေ့လာရေး မစ်ရှင်ဟာ လကမ္ဘာရဲ့ တောင်ဘက်စွန်းကို ဆင်းသက်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ ဒါသာ အောင်မြင်ခဲ့မယ်ဆိုရင်တော့ အိန္ဒိယဟာ လမျက်နှာပြင်ပေါ်ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်တဲ့ လေးနိုင်ငံမြောက် စာရင်းဝင်သွားမှာဖြစ်ပြီး အရင်ကတော့ အမေရိကန်၊ တရုတ်နဲ့ ဆိုဗီယက်ယူနီယံနိုင်ငံတွေက ရောက်ရှိခဲ့ဖူးပါတယ်။ Chandrayaan-2 လကမ္ဘာ စူးစမ်းလေ့လာရေးမစ်ရှင်ရဲ့ နောက်ထပ်ပစ်လွှတ်မယ့် ရက်ကိုတော့ လတ်တလော အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up