Home
မြန်မာသတင်း
နွားရုံတောင်ကျေးရွာမီးရှို့မှု တပ်မတော်နှင့် အေအေအဖွဲ့ အပြန်အလှန်စွပ်စွဲ
DVB
·
July 15, 2019
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာမှာ ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းက လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့မှုနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ အေအေအဖွဲ့တို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့  ထုတ်ပြန်ချက်မှာတော့ တပ်မတော်စစ်ကြောင်းတွေ နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် နွားရုံတောင်ကျေးရွာရဲ့ မြောက်ဘက် မီတာ ၄၀၀ ခန့်အကွာမှာ အေအေဘက်က အင်အား ၃၀ လောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်ဘက်က အေအေကို လိုက်လံတိုက်ခိုက်စဉ် နွားရုံတောင် ကျေးရွာရှိ လူနေအိမ် ၂ လုံး၊ ၀က်ခြံတခြံနဲ့ နွားခြံတခြံတို့ကို အေအေက မီးရှို့ထွက်ပြေးသွားခဲ့တာကြောင့် တပ်မတော် စစ်ကြောင်းက မီးလောင်နေတဲ့ဆောက်အအုံတွေကို မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ တပ်မတော်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တပ်မတော်ဘက်က စွပ်စွဲပြောဆိုတာနဲ့ပတ်သက်ပြီး အေအေပြောခွင့်ရခိုင်သုခက “အဲ့ဒီနေ့ အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ ဗမာစစ်တပ်က စစ်ကြောင်းတခုကို ကျနော်တို့ ရက္ခိုင့်တပ်တော် (အေအေ) ကနေပြီး ဖြတ်တောက်တိုက်ခိုက်ခဲ့တာရှိတယ်။ အဲ့ဒီမှာ သူတို့ဘက် အဆုံးရှိတယ်။ အဲ့ဒီလိုတိုက်ပွဲဖြစ်ပွားပြီးနောက်မှာတော့ စစ်တပ်က နွားရုံတောင် ကျေးရွာကို ဝင်ပြီး မီးရှို့တယ်။ သူတို့ဘက်က အထိအခိုက်ကျဆုံးမှုများတဲ့အခါမှာ လုပ်တာတွေရှိတယ်။ သူတို့က မီးမရှို့ပါဘူး။ မီးတောင်ငြှိမ်းသတ်ခဲ့ရတယ်ဆိုတာကတော့ တော်တော်လေးကို တာဝန်ခံမှု တာဝန်ယူမှုကင်းမဲ့တဲ့စကားမျိုး၊ ပြည်သူနဲ့ နိုင်ငံတကာကို ဗြောင်လိမ်ဗြောင်းစားလုပ်တာပဲ” လို့ ပြောပါတယ်။ နွားရုံတောင် ကျေးရွာ မီးရှို့မှုဖြစ်စဉ်မှာ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ဒီဗွီဘီက သီးခြားအတည်ပြုလို့ မရသေးပါဘူး။ အဲ့ဒီနွားရုံတောင်းကျေးရွာဟာ အိမ်ထောင်စု ၂၇၀၊ လူဦးရေ ၈၆၀ရှိပါတယ်။ အဲ့ဒီနွားရုံတောင်ကျေးရွာအနီးမှာ စင်ကိုးထောင်း၊ ရှာရှားတောင်၊ ဥယာဉ်တောင် ကျေးရွာရှိပြီး အဲ့ဒီကျေးရွာသားတွေက ကြောက်လန့်ပြီး ဘူးသီးတောင်းမြို့ထက်ကို ထွက်ပြေးလာတယ်လို့ ကျေးရွာသားတွေကပြောဆိုပါတယ်။ နွားရုံတောင် ကျေးရွာ မီးရှို့မှုဖြစ်စဉ်မှာ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ဒီဗွီဘီက သီးခြားအတည်ပြုလို့ မရသေးပါဘူး။ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ မြန်မာတပ်မတော်တို့ တိုက်ပွဲတွေဟာ တစတစနဲ့ ပိုမို ပြင်းထန်လာနေပြီး မြို့နယ် ၆ ခုလောက်မှာ တိုက်ပွဲတွေဟာဆိုရင်လည်း နေ့တိုင်းလိုလို ဖြစ်နေတာတွေ ရှိပါတယ်။  ဒီလို တိုက်ပွဲတွေကြောင့် အရပ်သားတွေသေဆုံးတာတွေ၊ ဖမ်းဆီးခံရတာတွေ၊ ညှဉ်းပန်း နှိပ်စက်ခံရတာတွေ အများအပြားရှိနေသလို ပျောက်ဆုံးနေတာတွေလည်းရှိနေပါတယ်။ သတင်း-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024