A d v e r t i s e m e n t With Us

ဆိုမာလီ ဟိုတယ်တလုံးကို အစ္စလာမ္မစ် သေနတ်သမားများ ဝင်စီးနင်း၊ ၂၆ ဦးသေဆုံး

ဆိုမာလီနိုင်ငံတောင်ပိုင်း ကစ်မာယို ဆိပ်ကမ်းမြို့က ဟိုတယ်တလုံးကို အစ္စလာမ္မစ် သေနတ်သမားတွေ ဝင်ရောက်စီးနင်းခဲ့လို့ ကင်ညာ၊ အမေရိကန်၊ ဗြိတိန်နဲ့ တန်ဇန်းနီးယား နိုင်ငံသားတွေ အပါအဝင် လူ ၂၆ ယောက် သေဆုံးတယ်လို့ ဒေသန္တရပြည်နယ် အကြီးအကဲက ဇူလိုင် ၁၃ ရက်မှာ ပြောပါတယ်။ ဒါဟာ ၂၀၁၂ ခုနှစ်က သူပုန်တွေကို နှင်ထုတ်အပြီး လူအသေအပျောက် အများဆုံး နေ့လည်း ဖြစ်ပါတယ်။ ဇူလိုင် ၁၂ ရက်ညက ဟိုတယ်ထဲမှာ မြို့ခံလူကြီးသူမတွေနဲ့ လွှတ်တော်အမတ်တွေ အစည်းအဝေး လုပ်နေတုန်း ကားဗုံးပေါက်ကွဲခဲ့တာပါ။ အဲဒီနောက် သေနတ်သမားတွေ ဟိုတယ်ထဲ ဝင်စီးနင်းခဲ့တယ်လို့ ရဲက ပြောပါတယ်။ ညလုံးပေါက် တိုက်ပွဲကို လုံခြုံရေးတပ်တွေက ၁၁ နာရီကြာ တိုက်ခိုက် အဆုံးသတ်ခဲ့ရတယ်လို့ ဒေသန္တရ ရဲအရာရှိက ပြောပါတယ်။ ဟိုတယ်အပြင်က အပျက်အစီးတွေနဲ့ ယာဉ်ရပ်နားစခန်းထဲက အပျက်အစီးတွေရဲ့ ပုံရိပ်ကို ဆိုမာလီ အစိုးရရုပ်သံက ပြသခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ သြဂုတ်လ ဒေသန္တရ ရွေးကောက်ပွဲအတွက် သမ္မတလောင်း ကိုယ်စားလှယ်လည်း ပါတယ်လို့ ဂျပ်ဘာလန် ပြည်နယ် သမ္မတ အာမဒ် မိုဟမ်မဒ် မာဒိုဘေက ကြေညာချက် ထုတ်ပြန်ပါတယ်။ သတင်းထောက် ၂ ယောက်ထက် မနည်းနဲ့ ကုလသမဂ္ဂရုံး ဝန်ထမ်း တယောက်လည်း အသတ်ခံရတယ်လို့ ဆိုပါတယ်။ အယ်လ်ကိုင်းဒါးတွေနဲ့ အဆက်အသွယ်ရှိတဲ့ အယ်လ်ရှာဘတ် သူပုန်အုပ်စုဟာ ကုလ ကျောထောက်နောက်ခံ ပေးထားတဲ့ အားမကောင်းတဲ့ ဆိုမာလီ အစိုးရကို ဖယ်ရှားဖို့ ကြိုးစား နေတာပါ။ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ချက်ချင်း အခိုင်အမာ ပြောပါတယ်။ လူအယောက် ၃၀ ကို သတ်နိုင်ခဲ့ပြီး တိုက်ခိုက်ရေးသမား လေးယောက် သေဆုံးတယ်လို့ အယ်လ်ရှာဘတ် စစ်ဘက် ပြောခွင့်ရက ပြောပါတယ်။ အစိုးရနဲ့ အယ်လ်ရှာဘတ်တွေကြား ပြောကြတဲ့ သေဆုံးသူ စာရင်းက ကွာဟနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up