Home
မြန်မာသတင်း
ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေး ဘားအံတွင် လူ ၁၀၀၀ ကျော် ဆန္ဒပြ
DVB
·
July 14, 2019
ဗစ်တိုးရီးယား အမှုမှန်ပေါ်ပေါက်ရေးနဲ့ သက်ငယ်မုဒိမ်းမှုပပျောက်ရေးအတွက် Justice For Victorias လှုပ်ရှားမှု လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို ကရင်ပြည်နယ် ဘားအံမြို့မှာ အရပ်ဘက်အဖွဲ့အစည်း တွေနဲ့ ပြည်သူလူထု ၁၀၀၀ ကျော် ဇူလိုင် ၁၄ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ Wisdom Hill မူကြိုကျောင်းသူကလေး ဗစ်တိုးရီးယားအတွက် အမှုမှန် ပေါ်ပေါက်ရေး၊ တရားမျှတမှုရှာဖွေပေးဖို့၊ နောက်ထပ် ဗစ်တိုးရီးယားလိုအဖြစ်မျိုး ထပ်မံမဖြစ်စေဖို့နဲ့ ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေးပေါ်ပေါက်စေဖို့ ရည်ရွယ်ပြီး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ဘားအံမြို့၊ ပွဲဖြစ်မြောက်ရေး သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသီဟက “စစ်မှန် တရားမျှတတဲ့ တရားစီရင်ရေးပေါ်ပေါက်လာစေချင်တာပါ။ သက်ဆိုင်ရာ တာန်ရှိပုဂ္ဂိုလ်တွေ ကနေပြီးတာ့ သက်ငယ်မုဒိမ်းမှု ပပျောက်သွားဖို့အတွက် လျော့နည်းသွားဖို့အတွက်ကို ၀ိုင်းဝန်း ပြီးတော့ စီစဉ်ကြီးကြပ်ပေးပါလို့ တောင်းဆိုချင်တယ်” လို့ ပြောပါတယ်။ ဘားအံမြို့၊ အမှတ် ၆ ရပ်ကွက်၊ မမေဦးခိုင်က “ကျမက သမီးတယောက်အမေ မိခင်လည်းဖြစ်တယ်။ ဒီအမှုအတွက်ကို မတရားတဖြစ် ဖြစ်နေတဲ့ ကိစ္စလေးကို အမှန်တရား ပေါ်ပေါက်စေချင်လို့ပါ။ ကိုယ်ပြည်သူလူထုတွေကို တရားမျှတပြီးတော့ နည်းလမ်းကျကျနဲ့ လုံခြုံမှုတွေပေးနိုင်ဖို့အတွက် တရားစီရင်စေချင်တယ်”လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာ၊ မစံလျှမ်းသူက “သက်ငယ်မုဒိမ်းမှုကို ပပျောက် စေချင်တယ်။ သက်ငယ်မုဒိမ်းမှုဖြစ်တာက မကောင်းဘူး။ ကလေးတွေ ငယ်ငယ်ရွယ်နဲ့ ပျက်စီးတယ်။ အဲဒီအတွက်ကြောင့် သက်ငယ်မုဒိမ်းမှုကို တားဆီး ကာကွယ်ရမယ်”လို့ ပြောပါတယ်။ လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲမှာ ဗစ်တိုးရီးယားတွက် တရားမျှတမှုရှာဖွေပေးရေး၊ နောက်ထပ် ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်ရေး၊ ဖြောင့်မတ်မှန်ကန်သော တရားစီရင်ရေး များ ပေါ်ပေါက်ရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဗီနိုင်းပိုစတာတွေကိုင်ဆောင်ပြီး ဘားအံမြို့နာရီစင်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း အဆင့်မြင့်ဇွဲကပင်ပလာဇာရှေ့ (ကားကြီးကွင်း ဟောင်း) အထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024