မွေးမြူရေးခြံထွက် ကျွဲနွားများကိုသာ ပြည်ပတင်ပို့ရောင်းချခွင့်ပြုတော့မည်
DVB
·
July 14, 2019
မြန်မာ့ကျွဲနွားတွေကို ပြည်ပနိုင်ငံများသို့ တရားဝင် တင်ပို့ရောင်းချခွင့်အား ဝယ်ယူစုဆောင်း ရောင်းချတဲ့ ပုံစံအစား ကိုယ်တိုင်မွေးမြူထားတဲ့ ခြံထွက်နွားတွေကိုသာ တင်ပို့ရောင်းချတဲ့ ပုံစံနဲ့ ပြောင်းလဲခွင့်ပြုသွားမယ်လို့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြောပါတယ်။
“ကိုယ်တိုင် မွေးမြူရေးခြံနဲ့ မွေးမြူပြီး တင်ပို့ရောင်းချတဲ့ပုံစံနဲ့ ပြောင်းလဲကျင့်သုံးသွားမယ်။ အမှန်တကယ် မွေးမြူရေး လုပ်မလုပ်ကိုလည်း ဝန်ကြီးဌာနက ခြံတွေအထိ ကွင်းဆင်း စစ်ဆေးမယ်။ ကိုယ်တိုင် ခြံနဲ့ မမွေးချင်လို့ မွေးဘတ်ပေးထားတယ်ဆိုလည်း မွေးဘတ်ပေးထားကြောင်း အထောက်အထား အတိအကျ တင်ပြရမယ်။ တကယ်ဟုတ်မဟုတ် သေချာ စစ်ဆေးပြီး မှန်ကန်တယ်ဆိုမှ ခွင့်ပြုချက်ပေးမယ်လို့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ပြောင်းလဲကျင့်သုံးမယ့် မူဝါဒကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ပြည်ပသို့ မြန်မာ့ ကျွဲနွားများ တင်ပို့ရောင်းချခွင့်အား အခုလို ပြောင်းလဲရတာဟာ အနာဂတ်ကာလမှာ ကျွဲနွားတွေ ရှားပါလာမှာကို စိုးရိမ်တဲ့အတွက်လို့ မွေးမြူရေးနှင့် ကုသရေးဌာနက ဆိုပါတယ်။ မြန်မာကျွဲနွားတွေကို ပြည်ပနိုင်ငံတွေသို့ တရားဝင် တင်ပို့ရောင်းချခွင့်ကို လက်ရှိ NLD အစိုးရလက်ထက်မှ စတင်ခွင့်ပြုလိုက်တာဖြစ်ပြီး တရုတ်နိုင်ကို အဓိကတင်ပို့ရောင်းချနေတာလည်းဖြစ်ပါတယ်။