Home
မြန်မာသတင်း
နမ္မတူမြို့နယ် မန်ဝါကျေးရွာက ပြည်သူများ တိုက်ပွဲကြား ပိတ်မိနေ
DVB
·
July 14, 2019
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်စံကျေးရွာအုပ်စု၊ မန်ဝါကျေးရွာက ပြည်သူတွေဟ တိုက်ပွဲကြားမှာ ပိတ်မိနေတယ်လို့ မန်ဝါကျေးရွာ စာသင်ကျောင်းက ဆရာမတဦးက ဇူလိုင် ၁၃ ရက်နေ့မှာ ပြောပါတယ်။ "ကျောင်းသား အယောက် နှစ်ဆယ်နဲ့ ကျမတို့ ကျောင်းဆရာမတွေ ရွာမှာပိတ်မိနေပါတယ်။ ပြီးတော့ ရွာသူရွာသား အယောက် ၆၀ လောက်လည်း ရွာကနေထွက်မရသေးဘူး။ ရွာအနီးမှာ မနေ့ကနေ ဒီနေ့ထိ တိုက်ပွဲတွေ ဖြစ်တယ်။ နှစ်ဘက်တပ်တွေက ရွာအနီးပဲ အခုထိရှိနေလို့ ကျမတို့တွေ လုံခြုံတဲ့နေရာကို တိမ်းရှောင်ဖို့ ထွက်မရဘူးဖြစ်တယ်။"  တပ်မတော်နဲ့ TNLA တအာင်းတပ်ဖွဲ့ကြား ဇူလိုင် ၁၁ ရက်နေ့ကစတင်ပြီး နမ္မတူမြို့နယ် မန်ဝါကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာပါ။ မန်ဝါကျေးရွာသားတွေ ရွာအတွင်းမှာ ပိတ်မိနေတာနဲ့ ပတ်သက်ပြီး TNLA တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ ရွာသားတွေရဲ့ လုံခြုံရေး စိတ်ချရတဲ့ အခြေအနေပေးရင် ရွာသားတွေကို ဘေးကင်းတဲ့နေရာ သွားခွင့်ပြုမယ်လို့ဆိုပါတယ်။ "အခုက နှစ်ဖက်အဖွဲ့တွေ ရွာအနီးမှာ လှုပ်ရှားနေကြတယ်။ လက်ရှိ ရွာမှာတော့ ပြည်သူတွေ နေထိုင်နေရတာ လုံခြုံမှုရှိနေပါတယ်။ မနက်ဖြန်တော့ မန်ဝါရွာမှာ ပိတ်မိနေတဲ့ ရွာသားတွေကို ပရဟိတအဖွဲ့တွေက လာကြိုချင်တယ်ဆိုရင် လာကြိုလို့ရပါတယ်" လို့ TNLA တပ်ဖွဲ့ရဲ့ နယ်မြေခံအရာရှိတဦးကပြောပါတယ်။ ဇွန်လနဲ့ ဇူလိုင်လအတွင်း မန်တုံမြို့နယ်၊ လားရှိုးမြို့နယ်၊ ကွတ်ခိုင်မြို့နယ်နဲ့ နမ္မတူမြို့နယ်တွေမှာ မြန်မာ့တပ်မတော်နဲ့ TNLA တအာင်းတပ်ဖွဲ့ကြား တိုက်ပွဲပေါင်း အကြိမ် ၃၀ ဝန်းကျင် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဓာတ်ပုံ- ခွန်ဇော်ဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024