မင်းတုန်းချောင်းအတွင်း စက်လှေတိမ်းမှောက်မှု ကျောင်းသူ ၁ ဦး အလောင်းပြန်တွေ့
DVB
·
July 13, 2019

မကွေးတိုင်း မင်းတုန်းမြို့နယ်ထဲက မင်းတုန်းချောင်းအတွင်း စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေတဲ့ ကျောင်းသူ ၄ ယောက်ထဲက တယောက်အလောင်းပြန်တွေ့ခဲ့ပါတယ်။
မင်းတုန်းမြို့နယ်မှာ ကျောင်းသားကျောင်းသူ ၁၂ ဦးအပါအဝင် လူ ၁၈ ဦးကို တင်ဆောင်လာတဲ့ စက်လှေတစီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက် နေ့လယ်က တိမ်းမှောက်ခဲ့တာဖြစ်ပြီး ကျောင်းသူ ၄ ယေက် ပျောက်ဆုံးခဲ့တာပါ။
ကျောင်းသူရဲ့အလောင်းကို ဇူလိုင် ၁၃ ရက်နေ့ မနက်မှာ တွေ့ရှိခဲ့တယ်လို့ မင်းတုန်းမြို့နယ် ရဲစခန်းက ပြောပါတယ်။
“တယောက်ကိုတော့ပြန်တွေ့ပါပြီ၊ ကျန်သုံးဦးကိုတော့ ရှာဖွေနေဆဲ” လို့ မင်းတုန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူးစိန်သောင်းက ပြောပါတယ်။
ပြန်လည်တွေ့ရှိသူမှာ အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူဖြစ်ပါတယ်။ စက်လှေမှောက် ပျောက်ဆုံးနေသူတွေဟာ ချောင်းကိုဖြတ်ပြီး မင်းတုန်းမြို့မှာ ကျောင်းလာတက်သူတွေဖြစ်ပါတယ်။