ပြည်ပအင်အားစုများ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရဟု ထိုင်ဝမ်သမ္မတ ပြော

743
ဒီမိုကရေစီစနစ်ကို ကာကွယ်ရမယ်၊ ထိုင်ဝမ်ကျွန်းဟာ ပြည်ပအင်အားစုတွေရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က အမေရိကန်ခရီးစဉ်မှာ သတိပေး ပြောကြားလိုက်ပါတယ်။
ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ဟာ ဇူလိုင် ၁၁ ရက်နေ့က အမေရိကန်နိုင်ငံကို ရောက်လာခဲ့တာပါ။
သူ့ရဲ့ပြောဆိုချက်ဟာ တရုတ်အစိုးရကို သွယ်ဝိုက်ညွှန်းဆို ပြောလိုက်တာ ဖြစ်ပါတယ်။
တရုတ်တပြည်ထောင်တည်း မူဝါဒအရ တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းကို သူတို့ရဲ့ သင်းကွဲပြည်နယ်တခုအဖြစ် သတ်မှတ်ထားပြီး သူတို့ပိုင်တယ်လို့ ရှုမြင်ထားပါတယ်။
ဒါ့ကြောင့် ဆိုင်အင်းဝမ်ကို အမေရိကန်နိုင်ငံ လာခွင့်မပေးဖို့ တရုတ်အစိုးရက တောင်းဆိုခဲ့ပါတယ်။
ဆိုင်အင်းဝမ်ဟာ မဟာမိတ် ကာရေဘီယံလေးနိုင်ငံ ခရီးစဉ်အတွင်း အမေရိကန်မှာ တထောက် ဝင်နားခဲ့တာပါ။
တရုတ်တပြည်ထောင်တည်း မူဝါဒကို အမေရိကန်ရဲ့ တရားဝင် အသိအမှတ်ပြုမှုဟာ အပြောင်းအလဲ မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
နယူးယောက်မြို့က မန်ဟက်တန်ဟိုတယ်ကို ဆိုင်အင်းဝမ် ရောက်မလာခင် ဟိုတယ်ရှေ့ အဝင်ဝမှာ တရုတ်လိုလားတဲ့ ဆန္ဒပြသူတွေနဲ့ ထိုင်ဝမ်လိုလားတဲ့ ဆန္ဒပြသူတွေ ရောက်ရှိလာတာကြောင့် ရဲတပ်ဖွဲ့က လူစုခွဲခဲ့ရပါတယ်။
အမေရိကန်ခရီးစဉ်မှာ ဆိုင်အင်းဝမ်ဟာ အမေရိကန်ရောက် ထိုင်ဝမ်နိုင်ငံသားတွေနဲ့ တွေ့ဆုံမယ့်အပြင် မဟာမိတ်နိုင်ငံတွေက ကုလသမဂ္ဂ သံအမတ်တွေနဲ့လည်း တွေ့ဆုံသွားမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။