အာဆင်နယ်၏ ရာသီကြို လေ့ကျင့်ရေးအစီအစဉ်ကို လိုက်ပါရန် ကိုစီယယ်နီ ငြင်းဆန်

738
အာဆင်နယ် အသင်းခေါင်းဆောင် လောရင့် ကိုစီယယ်နီဟာ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေမှာ လိုက်ပါဖို့ ငြင်းဆန်သွားပါတယ်။
အာဆင်နယ်အသင်းဟာ အမေရိကခရီးစဉ်မှာ ခြေစမ်းပွဲတွေ ကစားဖို့အတွက် ကြာသာပတေးနေ့က ထွက်ခွာသွားပြီး ကိုစီယယ်နီ လိုက်ပါလေ့ကျင်ဖို့ ငြင်းဆန်ပြီး ကျန်နေခဲ့တာပါ။
အသက် ၃၃ နှစ်ရှိ ပြင်သစ်နောက်ခံလူ ကိုစီယယ်နီကို ပြင်သစ်ကလပ်တွေဖြစ်တဲ့ ဘော်ဒိုး၊ လိုင်ယွန်နဲ့ ရင်းနက်စ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ကစားသမားဘက်ကလည်း အသင်းပြောင်းရွှေ့လိုနေတာ ဖြစ်ပါတယ်။
အပြောင်းအရွှေ့ကိစ္စတွေ စီစဉ်ချင်တာကြောင့် အသင်းနဲ့အတူ အမေရိကခရီးစဉ်ကို မလိုက်သွားတာလို့ ကိုစီယယ်နီက ဆိုပါတယ်။
ကိုစီယယ်နီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အာဆင်နယ်အသင်းဘက်က စိတ်ပျက်မိကြောင်း တရားဝင် သတင်းထုတ်ပြန်သွားခဲ့ပြီး ဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်၊ တခြား မှတ်ချက်ပေးတာတွေတော့ လုပ်မှာမဟုတ်ဘူးလို့လည်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကိုစီယယ်နီဟာ ၂၀၁၀ ခုနှစ်က ပြင်သစ်ကလပ် လိုရီယန့်အသင်းကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။