A d v e r t i s e m e n t With Us

အာလာဒင်ဇာတ်ဝင်တေး – Speechless ကို ဘာသာစကား ၁၆ မျိုးဖြင့် သီဆိုခဲ့သည့် ကိုရီးယား အမျိုးသား (ရုပ်သံ)

သိပ်မကြာခင်က ရုံတင်ပြသခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့ နာမည်ကြီး အာလာဒင် ရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်တေးတပုဒ်ကို ကိုရီးယားအမျိုးသားတယောက်က ဘာသာစကား ၁၆ မျိုးနဲ့ သီဆိုခဲ့ပါတယ်။ ဟောလိဝုဒ် စွန့်စားမှု ဂီတဇာတ်မြူး ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီဇာတ်ကားကိုတော့ ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Guy Ritchie က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ အာလာဒင်လို့ ပြောလိုက်တာနဲ့ တကမ္ဘာလုံးမှာ လူသိများတဲ့ အမည်နာမတခုဖြစ်နေပြီး မှော်မီးခွက်ကိုင်ရင်း ကော်ဇောပျံစီးလေ့ရှိတဲ့ လူငယ်လေးကို ပြေးမြင်မိကြမှာပါ။ တကယ်တမ်းကတော့ ဒီဇာတ်လမ်းဟာ တထောင့်တညပုံပြင်လို့ လူသိများတဲ့ အရှေ့အလယ်ပိုင်းဒေသ ရိုးရာပုံပြင်တွေထဲမှာ ပါဝင်ပြီး ဒီပုံပြင်တွေဟာ ၁၈ ရာစုလောက်မှာ ပေါ်ပေါက်ခဲ့တယ်လို့ ဆိုကြပါတယ်။ အာလာဒင်နဲ့ပတ်သက်တဲ့ ပုံပြင်တွေဟာ ကမ္ဘာတဝန်း ကျော်ကြားပြီး လက်ရှိအချိန်ထိတိုင်အောင် ရေပန်းစားနေဆဲဖြစ်ကာ အာလာဒင်ပါဝင်တဲ့ ဇာတ်လမ်းတွေကို ရုပ်ပြစာအုပ်၊ ရုပ်သံဇာတ်လမ်း၊ ဂိမ်းတွေအဖြစ်လည်း ဖန်တီးခဲ့ကြဖူးပါတယ်။ ၁၉၉၂ ခုနှစ်က အန်နီမေးရှင်း ရုပ်ရှင်ကားအနေနဲ့ ထွက်ရှိထားပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကားကို သရုပ်ဆောင်တွေနဲ့ အသစ်တဖန် ပုံဖော်ရိုက်ကူးထားတဲ့ အာလာဒင် ရုပ်ရှင်ကားသစ်ထဲမှာ ကနေဒါ သရုပ်ဆောင်မင်းသား Mena Massoud က အဓိကဇာတ်ကောင် အာလာဒင်နေရာမှာ ပါဝင်ထားပြီး နာမည်ကြီး အမေရိကန်ရက်ပ်ပါ သရုပ်ဆောင်မင်းသား Will Smith ကတော့ မီးခွက်စောင့်ဘီလူး Genie အဖြစ် ပါဝင်ထားကြတာပါ။ မင်းသမီးလေး ဂျက်စမင် နေရာမှာတော့ ဗြိတိန်သရုပ်ဆောင်မင်းသမီး Naomi Scott နဲ့အတူ တခြား သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ A Whole New World, Speechless စတဲ့ နာမည်ကြီး ဇာတ်ဝင်တေးတွေ ပါဝင်ပြီး လူကြိုက်များ ထင်ရှားတဲ့ သီချင်းတွေ ဖြစ်ပါတယ်။ ခု ဘာသာစကား ၁၆ မျိုးနဲ့ သီဆိုထားတဲ့ သီချင်းကတော့ Speechless သီချင်းဖြစ်ပြီး ကိုရီးယားအမျိုးသား Travys Kim ရဲ့ သီဆိုမှုနဲ့ ပရိသတ်တွေ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ကားထဲမှာတော့ ဒီသီချင်းကို သရုပ်ဆောင်မင်းသမီး Naomi Scott က သီဆိုထားပါတယ်။ Travys Kim က သူ့ရဲ့ ယူကျု အင်တာနက်စာမျက်နှာပေါ်ကတဆင့် ဒီသီချင်းကို မျှဝေထားပြီး လတ်တလောမှာတော့ ရေပန်းစားနေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင် အညွှန်းမှာတော့ သူက ဘာသာစကားတွေကို မြတ်နိုးသူတယောက်ဖြစ်ပြီး အတတ်နိုင်ဆုံး ကြိုးစားသီဆိုထားခဲ့တာကို အားပေးကြဖို့ ရေးသားထားပါတယ်။ သီချင်းသီဆိုရာမှာ အသုံးပြုထားတဲ့ ဘာသာစကားတွေထဲမှာတော့ အင်္ဂလိပ်၊ အီတလီ၊ နော်ဝေ၊ ပြင်သစ်၊ တရုတ်၊ ဂျပန်၊ ဟင်ဒီ၊ ပိုလန်၊ ဗီယက်နမ်၊ ရုရှား၊ စပိန်၊ ထိုင်း၊ ဘဟာဆာမလေးရှား၊ ဂျာမန်၊ ကိုရီးယား၊ ပေါ်တူဂီ စတဲ့ ဘာသာစကားတွေ ပါဝင်ပါတယ်။ သီချင်းရုပ်သံအောက်မှာတော့ ကြည့်ရှုသူတွေက ချီးကျူးစကားတွေနဲ့ မှတ်ချက်တွေ ရေးခဲ့ကြပြီး Disney Music ကလည်း ချီးကျူးမှတ်ချက်ရေးခဲ့တာပါ။ Vikas Madhikar အမည်နဲ့ အင်တာနက် အသုံးပြုသူတဦးကတော့ အိန္ဒိယလို ဆိုထားတာ မပါလို့ ထပ်ထည့်ဖြည့်ဆိုစေလိုကြောင်း ရေးသားခဲ့ပြီး သဘောကျ နှစ်သက်ကြောင်း မှတ်ချက်ပြုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up