ကစားသမားဟောင်း အီဒူးကို အာဆင်နယ် နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်

719
အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမားဟောင်း အီဒူးကို နည်းစနစ်ဒါရိုက်တာ အဖြစ် ခန့်အပ်လိုက်ပါတယ်။
ဘရာဇီး ကွင်းလယ်လူဟောင်း အီဒူးဟာ ဘရာဇီး လက်ရွေးစင်အသင်းရဲ့ အထွေထွေညှိနှိုင်းရေးတာဝန်ကို ယူခဲ့ပြီး ကိုပါအမေရိကဖလားပြိုင်ပွဲ အပြီးမှာ နုတ်ထွက်ခဲ့တာပါ။
အာဆင်နယ် နည်းစနစ်ဒါရိုက်တာသစ် ဖြစ်လာတဲ့ အီဒူးဟာ အသင်းကြီးနဲ့ အကယ်ဒမီက နည်းပြတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ရမှာဖြစ်သလို အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စတွေနဲ့ ကစားသမားကောင်းတွေ ထောက်လှမ်းရှာဖွေရေးမှာလည်း ပူးပေါင်းလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။
အာဆင်နယ်က နှလုံးသားထဲမှာ ထူးခြားတဲ့ နေရာတခုအဖြစ် အမြဲတမ်းရှိခဲ့ကြောင်း၊ ဒီလို ခမ်းနားတဲ့အသင်းမှာ အခန်းကဏ္ဍသစ်တခုနဲ့ ပြန်လာရတဲ့အပေါ် စိတ်လှုပ်ရှားမိကြောင်း အီဒူးက ပြောပါတယ်။
အသက် ၄၁ နှစ်ရှိ အီဒူးဟာ အာဆင်နယ်အသင်းမှာ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ၁၂၇ ပွဲ ပါဝင်ကစားခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ ၂ ကြိမ်၊ အက်ဖ်အေဖလားချန်ပီယံ ၂ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။