အီရန်နိုင်ငံအနေနဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ချိုးဖောက်ပြီး သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို အရှိန်မြှင့်တင်မယ့် ဆုံးဖြတ်ချက်ကို နောက်ဆုတ်ဖို့ ဥရောပသမဂ္ဂ (အီးယူ) က ဇူလိုင် ၉ ရက်နေ့မှာ သတိပေး တိုက်တွန်းလိုက်ပါတယ်။
၂၀၁၅ ခုနှစ်မှာ အီရန်က နျူကလီးယား အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်တာကြောင့် အပြန်အလှန်အားဖြင့် အနောက်နိုင်ငံတွေက အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖြေလျော့ပေးဖို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ရုရှားတို့ သဘောတူညီခဲ့ကြတာပါ။
ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ အမေရိကန်က အဲဒီသဘောတူညီချက်နေ နုတ်ထွက်ပြီး အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြန်လည်ချမှတ်ခဲ့တာကြောင့် တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
၂၀၁၅ သဘောတူညီချက်ကို ချိုးဖောက်ပြီး နျူကလီးယား အစီအစဉ်ကို မြှင့်တင်သွားမယ့် အီရန်အစိုးရရဲ့ ခြေလှမ်းသစ်ဟာ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေအားလုံး သူ့အပေါ် ပြန်သက်ရောက်လာနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။