ရခိုင်အရေး စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ စစ်ဥပဒေချုပ်ရုံးက ဥပဒေအကြံပေးများနှင့်ဆွေးနွေး

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ဖြစ်ပွားခဲတဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့(Court of Inquiry)ဟာ စစ်ဥပဒေချုပ်ရုံးမှာ ဥပဒေအကြံပေးအဖွဲ့ တွေ့ဆုံဆွေးနွေးတယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။
စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ဝင်တွေဟာ စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့ အခြေအနေတွေ၊ ဆက်လက် စုံစမ်းစစ်ဆေးမယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ လိုအပ်တဲ့ ဥပဒေအကြံပြုချက်တွေ ရယူနိုင်ဖို့ ဇူလိုင်လ ၉ ရက်က စစ်ဥပဒေချုပ်ရုံးမှာ ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့တာလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီလိုတွေ့ဆုံရာမှာ ဥပဒေအကြံပေးအဖွဲ့က လိုအပ်တဲ့ သက်သေခံအချက်အလက် စုဆောင်းခြင်းဆိုင်ရာကိစ္စတွေ၊ ဥပဒေကြောင်းဆိုင်ရာတွေနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာတွေကို အကြံပြု ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ဟာ ဘူးသီးတောင်နယ်မြေကို ပထမအကြိမ် သွားရောက်ပြီး ကွပ်ကဲမှုဌာနချုပ်တခုအပါအဝင် တပ်ရင်း/တပ်ဖွဲ့ သုံးခု၊ ရဲစခန်း သုံးခု၊ အကျဉ်းထောင် တခုနဲ့ ကျေးရွာ ငါးရွာတို့မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် ခုံရုံးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး အများပြည်သူ သိရှိအောင် ထုတ်ပြန်ကြေညာခြင်းတော့ မရှိသေးပါဘူး။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေအပြီး လုံခြုံရေးတပ်ဖွဲ့ တွေရဲ့နယ်မြေရှင်းလင်းမှုတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုပြီး ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေက စွပ်စွဲနေတာဖြစ်ပါတယ်။ ဒါ့အပြင် ပြစ်မှုကျူး လွန်သူတွေကို နိုင်ငံတကာ ရာဇ၀တ်မှုတရားရုံး (အိုင်စီစီ) မှာ တရားစွဲဖို့လည်း အစဉ်တစိုက်ကြိုးပမ်းနေတာဖြစ်ပါတယ်။