Home
မြန်မာသတင်း
ကမ္ဘောဒီးယား၌ အလုပ်လုပ်ရန် မြန်မာလူငယ်များကို တရားမဝင်ခေါ်သွားသည့် တရုတ်နိုင်ငံသား ဖမ်းဆီးခံရ
DVB
·
July 8, 2019
65992226_2288455358150580_4125862609511514112_n
66139165_2288455414817241_2295320472482480128_n
မြန်မာလူငယ်တွေကို ကမ္ဘောဒီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင်ခေါ်သွားတဲ့ တရုတ်နိုင်ငံသားတဦးကို ရန်ကုန်လေဆိပ်မှာ သက်ဆိုင်ရာက ဖမ်းဆီးလိုက်ပါတယ်။ မနေ့မနက်က ရန်ကုန်လေဆိပ်ကနေ ဘန်ကောက်ကိုထွက်ခွာမယ့် လေယာဉ်နဲ့ လိုက်ပါမယ့်သူတွေကို စစ်ဆေးရာကနေ ခုလို ဖမ်းဆီးမိတာလို့ မြန်မာ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)က ထုတ်ပြန်ပါတယ်။ Air Asia လေယာဉ်နဲ့ လိုက်ပါမယ့် တရုတ်နိုင်ငံသား ရှဲရှင်းကျုံးနဲ့အတူ မြန်မာ လူငယ် ၉ ယောက်တို့ပါလာပြီး သူတို့မှာ show money နဲ့ စာရွက်စာတမ်းတွေမပြည့်စုံလို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ကတားဆီးပြီး ရန်ကုန်တိုင်း၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အရာရှိတွေလည်း သွားရောက်ပူးပေါင်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်း၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန အရာရှိ တဦး "ဒီတရုတ်နိုင်ငံသားဟာ ကလေး ၉ ယောက်ကို ဘန်ကောက် Transit နဲ့ ကမ္ဘောဒီးယားက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ဖို့ ခေါ်သွားတာဖြစ်တယ်။ ကလေးတွေက PJ စာအုပ်တွေ ကိုင်ဆောင်ထားတယ်။ ပြည်ပအကျိုးဆောင်လိုင်စင်လည်းမရှိဘဲ အလည်ပုံစံနဲ့ဝင်ပြီး အလုပ်လုပ်ဖို့ ခေါ်ဆောင်သွားတဲ့ အတွက် တည်ဆဲဥပဒေ ပုဒ်မ ၂၆ နဲ့ ငြိစွန်းနေတယ်။ ကလေးတွေကို မေးမြန်းတော့ သူတို့ကို ကမ္ဘောဒီးယားမှာ ဆောက်လုပ်ရေး အလုပ်လုပ်ရမယ်ဆိုပြီး ခေါ်ဆောင်ခဲ့တာဖြစ်ကြောင်း ပြောကြတယ်။ ဒီတရုတ်နိုင်ငံသားနဲ့ ကလေးတွေထဲက တချို့က Junction city တည်ဆောက်စဉ်က သိကျွမ်းခဲ့ကြတာလို့သိရတယ်” လို့ ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ အဲဒီတရုတ်နိုင်ငံသားဟာ တရုတ်သံရုံးကို ဖုန်းဆက်အကူအညီတောင်း ခဲ့ပြီး သံရုံးကလည်း သူ့ကို ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်ပေးဖို့ အကြံပြုခဲ့တယ်လို့ MOEAF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ အဲဒီတရုတ်နိုင်ငံသားကို မင်္ဂလာဒုံရဲစခန်းမှာ ဖမ်းဆီးထားပြီး အရေးယူဖို့ စီစဉ်နေပါတယ်။ ဓာတ်ပုံ-MOEAF
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024