Home
မြန်မာသတင်း
စည်းကမ်းမဲ့ လမ်းကူးသူများကို ပညာပေးကာလကျော်ပါက အရေးယူတော့မည်
အာကာ
·
July 8, 2019
လူကူးခုံးကျော်တံတားပေါ်က မတက်ဘဲ စည်းကမ်းမဲ့ လမ်းကူးသူတွေကို ပညာပေးကာလကျော်ရင် ဥပဒေအတိုင်း အရေးယူတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဇူလိုင် ၈ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းရဲ့ လူကူးခုံးကျော်တံတားနေရာတွေမှာ အသိပညာပေးတာတွေ၊ အရေးယူဆောင်ရွက်တာတွေ ပြုလုပ်သွားဖို့ အစီအစဉ်ရှိမရှိမေးမြန်းတာကို ၀န်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့တာပါ။ ရန်ကုန်မြို့က လူကူးခုံးကျော်တံတားတွေမှာ လမ်းအသုံးပြုသူအများစုဟာ ခုံးတံတားပေါ် က မဖြတ်ဘဲ ခုံးတံတားအောက်ကပဲ ဖြတ်သန်းနေကြတာကြောင့် ယာဉ်ကြောပိတ်ဆို့သလို အန္တရာယ်လည်းများတဲ့အတွက် အသိပညာပေးတာတွေ၊ အရေးယူတာတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ လိုနေတယ်လို့ ဦးရန်ရှင်းကပြောပါတယ်။ လူကူးခုံးကျော်တံတားတွေမှာ ခုံးတံတားပေါ်က ဖြတ်သန်းဖို့ ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ လက်ရှိမှာ အသိပညာပေးတာတွေ ဆောင်ရွက်နေပြီး သတ်မှတ်ကာလပြီးဆုံးပါက ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ၀န်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။ ရန်ကုန်မြို့တွင်းရှိ လူကူးခုံးကျော်တံတားနဲ့ မျဉ်းကြားတွေကနေ  လမ်းဖြတ်ကူးကြဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့မေလက စတင်ကာ လူထုကို သတိပေးနေတာဖြစ်ပြီး သတ်မှတ်ကာလကျော်လို့ စည်းကမ်းမလိုက်နာသူတွေကို ဥပဒေအတိုင်း ကျပ် ၃၀၀၀  ဒဏ်ရိုက်မယ်လို့လည်း သိရပါတယ်။ ရန်ကုန်မြို့မှာ  လူကူးခုံးကျော်တံတား ၁၄ စင်း တည်ဆောက်ထားပြီး မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ  သွားလာအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းတောင်းဆိုမှု တွေလည်း ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024