ပင်လယ်မှ ကမ်းကပ်လာသော ဘင်္ဂါလီလူမျိုးများကို မြန်မာ့ရေတပ်က ပြန်လွှတ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲမှာ စက်လှေပျက်ပြီး ကမ်းကပ်လာတဲ့  ဘင်္ဂါလီလူမျိုးတွေကို နယ်မြေခံအာဏာပိုင်တွေက ခဏခေါ်ထားပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၆ နာရီလောက်က ဘင်္ဂါလီလူမျိုး စုစုပေါင်း ၄၆ ဦး လိုက်ပါလာတဲ့ စက်လှေပျက်ပြီး  မျောနေတာကို မြန်မာရေတပ်က ကမ်းကိုခေါ်ဆောင်ခဲ့သလို စက်လှေထဲ ဆီထည့်ပေးပြီး စားစရာတွေနဲ့ ပြန်လွှတ်လိုက်တယ်လို့ ဆိပ်ကမ်းစောင့် ရဲဘော်တဦးရဲ့ အပြောကို ကိုးကားပြီး ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။ သူတို့ထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇ ဦးသာ ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်ထဲက လူတွေဖြစ်ကြောင်း၊  မလေးရှားနိုင်ငံကို ခိုးဝင်ဖို့အတွက် ချိန်းထားတာ  ပွဲစားက လာမတွေ့လို့ စက်လှေပန်ကာပျက်ပြီး  ကမ်းကပ်လာတာလို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံသားအချို့ဟာ စက်လှေနဲ့ ပင်လယ်ကနေတဆင့် မလေးရှားနိုင်ငံထဲ ခိုးဝင်တဲ့သတင်းတွေကို မကြာခဏတွေ့ရလေ့ရှိပြီး လူတဦးကို ပွဲစားခ အနည်းဆုံး ဘင်္ဂလားဒေ့ရှ် ဒါကာငွေ ၁ သောင်း ၅ ထောင်လောက် ပေးရကြောင်း၊ အခန့်မသင့်ရင် စက်လှေနစ်မြုပ်တာနဲ့ ကြုံရလေ့ရှိတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

//
More News
Up