ကျောက်ဖြူမြို့နယ်တွင် ခရီးသည်တင်စက်လှေ ၁ စီးနစ်မြုပ်၊ လူ ၁ ဦးသေဆုံး
DVB
·
July 7, 2019
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ဒီနေ့ မနက် ၇ နာရီကျော်အချိန်က ခရီးသည်တင် စက်လှေ ၁ စီးနစ်မြုပ်ပြီး လူ ၁ ဦး သေဆုံးခဲ့တယ်လို့ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
ရမ်းဗြဲမြို့နယ် ဇရပ်ပြင်အုပ်စု၊ သပြေဆိပ်ကျေးရွာအနီး ကင်းချောင်းကူးတို့ဆိပ်ဘက်မှ ကျောက်ဖြူမြို့နယ် ကင်းကူးတို့ဆိပ်ဘက်သို့ ထွက်ခွာလာတဲ့ခရီးသည်တင်စက်လှေတစီးမှာ ကမ်းအနီးရောက်ရှိစဉ် လေပြင်းတိုက်ခတ်မှုကြောင့် နစ်မြုပ်ခဲ့တာပါ။
စက်လှေပေါ်မှာ လိုက်ပါလာတဲ့ လေဖြတ်ရောဂါရှိသူ ဦးမောင်ဝေသာ (၆၁ နှစ်) ပျောက်ဆုံးသွားခဲ့ပြီး ကျန်ခရီးသည်တွေမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူးလို့ သိရပါတယ်။
နစ်မြုပ်ပျောက်ဆုံးသွားသူကို အနီးအနားရှိ စက်လှေများမှ လိုက်လံရှာဖွေရာ နစ်မြုပ်ရာနေရာအနီးမှာ သေဆုံးနေတာ တွေ့ရှိရတဲ့အတွက် ဇင်ချောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားပြီး ကျောက်ဖြူမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ဖို့ ဆောင်ရွက်နေတယ်လို့ ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ်ရဲစခန်းမှ ရဲအုပ် အောင်ဇော်မင်းက ပြောပါတယ်။
“လေးတောင်ဘက်အခြမ်းကနေ ဒီဖက်ကင်းကူတို့ဆိပ်ဘက်ကို စက်လှေကူးရင်းနဲ့ ကင်းကူးတို့ဆိပ်နားမှ လေတိုက်ရင်းနဲ့ နည်းနည်းမိုးကလည်းရွာတော့ စက်လှေမှောက်ပြီးတော့ မြုပ်သွားတာ၊ ခရီးသည်တစ်ယောက် သေသွားတယ်၊ အကုန်လုံး စက်လှေမောင်းနဲ့ဆိုရင် ၂၀ ပေါ့၊ ကျောက်ဖြူစခန်းမှာ အမှုဖွင့်လှစ်နေပါတယ်”လို့ပြောပါတယ်။
နစ်မြုပ်သွားသောစက်လှေမှာ အလျား (၃၀)ပေ၊ အနံ(၆)ပေ၊ ရေစူး(၂)ပေရှိ ရေပေါ်သစ်သား ဖိုက်ဘာပလတ်စတစ်လောင်း လှေခွံ့စက်တပ်လှေအမျိုးအစားဖြစ်ပါတယ်။
စက်လှေကို ဦးဘစိန်ဆိုသူမှမောင်းနှင်ကာ စက်လှေပေါ်မှာ ခရီးသည် အမျိုးသမီး ၆ ဦးနဲ့ စက်လှေမောင်း အပါအ၀င် အမျိုးသား ၁၄ ဦးတို့က လိုင်းစက်လှေမှာ ရမ်းဗြဲမြို့နယ်မှ ထွက်ခွာလာတာ ဖြစ်ပါတယ်။
ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်မှာ လွန်ခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်မှ ရမ်းဗြဲမြို့နယ်ကို ထွက်ခွာလာတဲ့ စက်လှေတစီး တိမ်းမှောက်ကာ အမျိုးသမီးတဦးသေဆုံးကာ စက်လှေမောင်းနဲ့ ခရီးသည် ၃ ဦးကို ပြန်လည်တွေ့ရှိပြီး ကျန် ၂ ဦးမှာ ပျောက်ဆုံးနေတယ်လို့ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူရုံးက သိရပါတယ်။