ရင်ဖွင့်စာ
DVB
·
July 7, 2019
ရေအားနည်းနည်း၊ ရေအားများများ ၄ နာရီခြား မီးဖြတ်နေတဲ့ မုံရွာ
ကျနော်က မုံရွာမြို့နယ်ကပါ။ ကျနော်တို့ဆီမှာ လျှပပ်စစ်မီးကို လေးနာရီခြား မီးဖြတ်နေတာ ကြာပါပြီ။ မိုးမရွာခင်က ရေအားနည်းနေလို့၊ မီးအားမနိုင်လို့ ဖြတ်တာလို့ ကြားသိ ရပါ တယ်။ ဒါပေမဲ့ အခုအခါ နိုင်ငံအနှံ့အပြားမှာ မိုးများအဆက်မပြတ် ရွာသွန်းနေတာကို မိုးလေဝသသတင်းတွေအရ သိရပါတယ်။ သို့သော် လျှပ်စစ်မီးကတော့ လေးနာရီခြားအပြင် ပိုလို့တောင် ဖြတ်တောက်နေ ပါသေးတယ်။ ရေအားပြည့်မီလို့ ဓာတ်အား ပုံမှန်ပေးနိုင်ပြီဆိုရင်လည်းပေးဖို့ လျှပ်စစ်ဝန်ကြီးဌာနကို ဒီဗွီဘီကတဆင့် ပြောပေးပါဦးခင်ဗျာ။
အောင်အောင်
မှတ်တိုင်၌ ယာဉ်မရပ်ပေးသည့်ပြဿနာ ဖြေရှင်းပေးပါ
ကျမက အစိုးရဝန်ထမ်းဖြစ်ပါတယ်။ နေတာက သုဝဏ္ဏမှာပါ။ နေ့စဉ် ၈၁ YBS ကားစီးရပါတယ်။ သင်္ဘောကျင်း ဒေါပုံမှတ်တိုင်မှာ ဆင်းတက်လုပ်ပါတယ်။ အပြန်မှာ ကားသမားတွေက အဲဒီမှတ်တိုင်မှာ မရပ်တာများလို့ ကားမှတ်တိုင်မှာ အမြဲ တနာရီခွဲလောက်စောင့်ရတယ်။ သက်ဆိုင်ရာကို ၈၁ YBS ကား များများထားပေးဖို့နဲ့ ကားမောင်းသူတွေ ဒဂုံမြို့သစ်အပြန် ဒေါပုံ မှတ်တိုင်မှာ ကားရပ်စေဖို့ သက်ဆိုင်ရာက အရေးယူ ဆောင်ရွက် ပေးစေလိုပါတယ်။
Sa Ra
လုံခြုံမှုမရှိဖြစ်နေတဲ့ ပုသိမ်မြို့က မူလတန်းကျောင်း အိမ်သာ
ပညာရေးနဲ့ပက်သက်လို့ ရင်ဖွင့်ချင်ပါတယ်။ ပုသိမ်မြို့ အမှတ် ၁၃၆ အခြေခံပညာ မူလတန်းကျောင်းမှာ ကျောင်းသန့်ရှင်းရေး၊ ကျောင်းအိမ်သာနဲ့ ကျောင်းကြားမှာ ခြံစည်းရိုး မရှိတဲ့အတွက် သမီးငယ်လေးတွေအတွက် လုံခြုံစိတ်ချမှုမရှိပါ။ သက်ဆိုင်ရာ ပညာရေးဌာန လူကြီးတွေ စိစစ်ဆောင်ရွှက်ပေးပါရန် လေးစားစွာ တင်ပြ အပ်ပါတယ်။ ညီမက ပုသိမ်မြို့ကစုငြိမ်းသူပါရှင့်။
ဖောင်းပြင်မြို့နယ် ရွာတွေမှာ ချဲထီကို လိုင်းကြေးပေး တရားဝင်ရောင်းနေ
စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နဲ့ ၅ မိုင်သာ ကွာဝေးတဲ့ ရွာတွေမှာ လိုင်းကြေးတွေနဲ့ ချဲထီတွေ တရားဝင်လို ရောင်းနေကြတယ်။ မူးယစ်ဆေးဝါးတွေ သောက်သောက်လဲ ရောင်းချနေကြတယ်။ အထက်လူကြီးများ သိအောင် ပြောပေးကြပါဦး။
အမည်မဖော်လိုသူတဦး