နိုင်ငံရေးအကျဉ်းသားဟောင်း ဦးတင်မောင်တိုး ဈာပန လူထောင်ချီ ပို့ဆောင်
DVB
·
July 7, 2019
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှ ရှမ်းပြည်နိုင်ငံရေး အကျဉ်းသားဟောင်း၊ အန်အယ်လ်ဒီပါတီ တောင်ကြီးခရိုင် ဥက္ကဋ္ဌဟောင်း ဦးတင်မောင်တိုး (ကိုတိုး) ဈာပနအခမ်းအနားကို ဇူလိုင်လ ၆ ရက် တောင်ကြီးမြို့ ဟိန္ဒူသုဿန်မှာ ကျင်းပခဲ့ပါတယ်။
နိုင်ငံရေးပါတီအသီးသီး၊ ရှမ်းပြည်နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်တိုးကို ချစ်တဲ့ ပြည်သူ တထောင်ဝန်းကျင် လိုက်လံပို့ဆောင် ခဲ့ကြတာပါ။
ဦးတင်မောင်တိုးဟာ ဇူလိုင်လ ၃ ရက်နေ့ ည ၇ နာရီအချိန်မှာ ၉၆ ပါးရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်ပါတယ်။
ဦးတင်မောင်တိုး (ကိုတိုး) ဟာ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးမှ စတင်ပြီး ရှမ်းပြည်နယ် ဒီမိုကရေစီလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သလို တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ဖူးပြီး နိုင်ငံရေးတာဝန် အသီးသီးကို ကိုယ်ကျိုးအတွက် မငဲ့ဘဲ ဆောင်ရွက်ခဲ့သူဖြစ်သူဖြစ်ပါတယ်။
ဒါ့အပြင် ရှမ်းပြည်ရှိ ပြည်သူလူထု မတရားခံရမှုတွေ လိုက်လံကူညီဆောင်ရွက်ပေးသလို ပြည်သူလူထုရှေ့မှာ တစိုက်မတ်မတ် ရပ်တည်ပေးသူ၊ ပြည်သူရဲ့ အခက်ခဲကို ဆောင်ရွက်ပေးသူလည်းဖြစ်ပါတယ်။
ဈာပနအခမ်းအနားမှာ ဦးတင်မောင်တိုးကို ဂုဏ်ပြုတဲ့အနေနဲ့ အာဇာနည် သီချင်းသီဆိုခြင်း၊ နာရေးတီးလုံး တယောထိုးခြင်း၊ လွမ်းသူ့ပန်းခွေချခြင်း၊ ဖယောင်းတိုင် မီးထွန်းခြင်း၊ ဆုတောင်းစကားပြောခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။
ခွန်ရာဇာ