Live
Home
မြန်မာသတင်း
ရသေ့တောင် အမျက်တောင်ကျေးရွာ မီးရှို့ခံရ
DVB
·
July 6, 2019
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာကို ဇူလိုင် ၅ ရက်နေ့က တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီး ဝင်ရောက်မီးရှို့သွားတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။ အဲ့ဒီကျေးရွာနဲ့ ၆ ဖာလုံအကွာက တောင်တန်းတွေမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ နာရီဝက်လောက် တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် တပ်မတော်စစ်ကြောင်းက ရွာဘက်ကို ဝင်လာပြီး မီးရှို့တာလို့ ရွာသားတွေက ပြောပါတယ်။ ကျေးရွာသားတယောက်က “ကျနော်တို့ရွာနဲ့ ၆ ဖာလုံလောက်အကွာ တောင်တန်းတွေမှာ စစ်ပွဲဖြစ်တယ်။ လက်နက်ကြီးသံရော လက်နက် ငယ်သံရော ကျနော်တို့ တော်တော် ကြားရတယ်။ အဲမှာ နာရီဝက်လောက်ဖြစ်တယ်။ ပြီးတော့ ကျနော်တို့ရွာကို ၂ နာရီခွဲလောက်မှာ ဝင်တယ်။ ကျနော်တို့ရွာကို မဝင်ခင် တောင်ကုန်းလေးတွေရှိတယ်။ အဲဒီတောင်ကုန်းတွေကိုလည်း လက်နက်ကြီးရော လက်နက်ငယ်နဲ့ ရောပစ်တယ်။ ကျနော်တို့ရွာအနောက်ဘက်ခြမ်းက ဝင်တယ်။ အနောက်ဘက်ခြမ်းကို မီးရှို့တယ်။ အရှေ့ဘက်ခြင်းကိုလည်းသွားပြီးတော့ မီးရှို့တယ်ခင်ဗျ။ မြန်မာ့တပ်မတော်ဘက်ကလေ”လို့ ပြောပါတယ်။ အဲဒီမီးရှို့မှုအတွင်း နေအိမ် ၁၁ လုံးလောက် မီးထဲပါသွားတယ်လို့ သိရပါတယ်။ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က  “လူမရှိရင် မီးရှို့မယ် သူတို့အယူဆက အဲလိုရှိတယ်။ ရွာနားမှာ တိုက်ပွဲဖြစ်တယ်။ ၆ ဖာလုံမှာ။ တိုက်ပွဲဖြစ်ရင်ပြေးကြပြီ။ တိုက်ပွဲဖြစ်စရာတောင်မလိုဘူး။ စစ်ကြောင်းအနီးအနားကို ရောက်တာနဲ့ ပြေးကြပြီ။ ရွာသားတွေက။ အခု ဒီဖြစ်ရပ်တွေက အကုန်းလုံး အထက်ကိုရောက်နေတာကိုး။ လွှတ်တော်ရဲ့အထက်က။ အစိုးရရဲ့အထက်က။ ကျနော်တို့ကတော့ ဒီဘောင်ထဲမှာပဲ ကြိုးစားပြီးလုပ်ရမယ်လေ။ ဒီကိစ္စရပ်တွေက မဖြစ်သင့်ဘူးလေ။ တရားဥပဒေကို ချိုးဖောက်တာပဲ။ လူ့အခွင့်အရေးချိုး ဖောက်တာ” လို့ ပြောပါတယ်။ လက်ရှိမှာတော့ ရွာမှာမနေရဲကြပေယ့် ထပ်မံမီးရှို့ခံရမှာကို စိုးရိမ်တာကြောင့် တစ်ချို့က ရွာမှာကျန်ရစ်ခဲ့ကြသလို တချို့ကလည်း ရွာအခြေအနေကို တောင်းကုန်းတွေပေါ်က စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ရေးအဖွဲ့ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးမြန်းရာမှာတော့ သူတို့တပ်က ပြုလုပ်တာ မဟုတ်ကြောင်းနဲ့ အဲဒီနားမှာ တိုက်ပွဲဖြစ်တာလည်း မရှိကြောင်း အခုလို ငြင်းဆိုပါတယ်။ “တပ်ကတော့ မီးမရှို့ဘူးဗျ။ မီးရှို့တာက အေအေ ဖြစ်လိမ့်မယ်။ အဲဒီနားမှာက ကျနော်တို့တပ်တွေ မနေ့က လှုပ်ရှားတာလည်း မရှိဘူး။ တိုက်ပွဲက အမျက်တောင်မှာ မဖြစ်ဘူးခင်ဗျ၊ အပေါ်မှာပဲ ဖြစ်တာ။ အလယ်တောင်ရွာသစ်နဲ့ ရွာဟောင်း အဲဒီအနီးတဝိုက်မှာပဲဖြစ်တာ။ တိုက်ပွဲဖြစ်တဲ့နေရာက အမျက်တောင်နဲ့ဆိုရင် ၆ မိုင် ၇ မိုင်လောက် ဝေးလိမ့်မယ်။” ရွာသားတွေပြောကြားချက်အရတော့ မနေ့ကလာတဲ့ အဲဒီတပ်မတော်စစ်ကြောင်းမှာ အင်အား ၂၀၀ လောက်ပါပြီး ရေစိုးချောင်းရွာဘက်မှာ ရှိတဲ့ ဗျူဟာကုန်းကို ဝင်သွားတယ်လို့ ဆိုပါတယ်။ အမျက်တောင်ကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်နဲ့ လူဦးရေ ၉၀၀ လောက်နေတယ်လို့ သိရပါတယ်။ သတင်း၊ဓာတ်ပုံ- ဝဏ္ဏခွာညို

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024