ဝင်ဘယ်ဒန်အိုးပင်းတွင် ရှုံးနိမ့်ခဲ့သည့် ဝေါ့ဇ်နီယာကီက သိမ်းငှက်မျက်လုံးစနစ်ကို ဝေဖန်

ဝင်ဘယ်ဒန်အိုးပင်း တတိယအဆင့်ပြိုင်ပွဲမှာ တရုတ်တင်းနစ်မယ် ရွှေကျန်းကို ရှုံးနိမ့်ခဲ့တဲ့ ဝေါ့ဇ်နီယာကီက သိမ်းငှက်မျက်လုံးစနစ်ကို ဝေဖန်လိုက်ပါတယ်။
ဝေါ့ဇ်နီယာကီဟာ အစောပိုင်း ပွဲငယ် ၄ ပွဲကို အပြတ်အသတ် ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ ၆-၄၊ ၆-၂ တို့နဲ့ ရှုံးနိမ့်ပြီး ထွက်ခွာသွားခဲ့ရတာပါ။
အဲဒီပွဲစဉ်မှာတော့ မကြာခဏဆိုသလို အငြင်းပွားဖွယ် အခြေအနေတွေဖြစ်လာလို့ သိမ်းငှက်မျက်လုံး စောင့်ကြည့်စနစ်နဲ့ ပြန်ကြည့်ခဲ့ရပါတယ်။
သူမက သိမ်းငှက်မျက်လုံးက မှန်ကောင်းမှန်နိုင်ပေမယ့် လွဲချော်နေတယ်လို့ ထင်မိကြောင်း၊ ဒါပေမယ့် ပုံမှန်အတိုင်းဆို လူတိုင်းဟာ အမှန်လို့ပြောတဲ့အရာကို ယုံကြည်ကြလို့ ဆက်မပြောချင်တော့ကြောင်း၊ သူသိလိုက်ရတာတော့ အခုအချိန်မှာ ဝင်ဘယ်ဒန်မြေဟာ အကောင်းဆုံးမဟုတ်ဘူးလို့ ဆိုပါတယ်။
အသက် ၂၉ နှစ်အရွယ် ဒိန်းမတ်တင်းနစ်မယ်ဟာ ကမ္ဘာ့နံပါတ် ၁ နေရာကို ၂၀၁၀ ပြည့်နှစ်က ရရှိခဲ့ဖူးပေမယ့် လက်ရှိ ၂၀၁၉ ခုနှစ်မှာတော့ ကမ္ဘာ့အဆင့် ၁၉ နေရာထိ ကျဆင်းနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြစတြေးလျအိုးပင်း ချန်ပီယံဆုရရှိထားတဲ့ ဝေါဇ့်နီယာကီဟာ ဂရင်းဆလင်းဖိုင်နယ် ၃ ကြိမ်တက်ရောက်ထားပြီး ချန်ပီယံတကြိမ် ဖြစ်ထားပါတယ်။
ဝင်ဘယ်ဒန်အိုးပင်း စတုတ္ထအဆင့်ကိုတော့ နာမည်ကြီးတွေထဲက ဟေးလပ်နဲ့ ပလစ်ဆ်ကိုဗာ နှစ်ဦးသာ တက်ရောက်နိုင်ခဲ့ပါသေးတယ်။
အမျိုးသားပွဲစဉ်တွေမှာတော့ ဂျိုကိုဗစ်၊ ဗာဒက်စ်ကို၊ ရိုးနစ်တို့ဟာ စတုတ္ထအဆင့်ကို ရောက်ရှိသွားခဲ့ပြီး နဒါးလ်၊ ဖက်ဒါရာ၊ နီရှီကိုရီတို့ရဲ့ တတိယအဆင့် ပွဲစဉ်တွေကတော့ ကျန်ရှိနေပါတယ်။