မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ မယားပါသားကို ငွေကြေးခဝါချမှုဖြင့် စွဲချက်တင်

ဓာတ်ပုံ - REUTERS/Lai Seng Sin
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ဇနီးဘက်ကပါလာတဲ့သား ရစ်ဇာ အဇစ်ကို ဇူလိုင် ၅ ရက်နေ့က ငွေကြေးခဝါချမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ ရစ်ဇာ အဇစ်ဟာ အော်စကာဆန်ကာတင် "The Wolf of Wall Street" ရုပ်ရှင် ထုတ်လုပ်သူတယောက်ဖြစ်ပြီး သူဟာ 1MDB လို့ခေါ်တဲ့ မလေးရှားနိုင်ငံ ဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ ဆက်စပ်နေတဲ့ အမေရိကန်ဒေါ်လာ ၂၄၈ သန်းကို မလျော်မကန် သုံးခဲ့တယ်ဆိုပြီး စွပ်စွဲခံရပါတယ်။ ရစ်ဇာဟာ ငွေကြေးခဝါချမှု ၅ မှုနဲ့ စွဲချက်တင်ခံရပြီး အမေရိကန်အစိုးရ ရှေ့နေတွေက သူပူးတွဲတည်ထောင်တဲ့ Red Granite ရုပ်ရှင်ထုတ်လုပ်ရေးဟာ 1MDB ကနေ ခိုးလာတယ်လို့ သံသယရှိတဲ့ ရန်ပုံငွေကို သုံးပြီး ရုပ်ရှင် ၃ ကား ထုတ်လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ရစ်ဇာကတော့ သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်အားလုံးမှာ အပြစ်မရှိဘူးလို့ လျှောက်လဲခဲ့ပါတယ်။ အဲဒီစွဲချက်တခုစီရဲ့ ငွေဒဏ်ဟာ မလေးရှားရင်းဂစ် ၅ သန်းအထိနဲ့ အများဆုံး ထောင်ဒဏ်ကတော့ ၅ နှစ်ဖြစ်ပြီး ပြစ်ဒဏ်နှ်စ်ခုစလုံး ကျခံရနိုင်ပါတယ်။ မလေးရှားတရားရုံးက ရစ်ဇာကို ရင်းဂစ်တသန်းနဲ့ အာမခံခွင့်ပြုခဲ့ပြီး သူ့ရဲ့ နိုင်ငံကူးလက်မှတ်တွေ ပေးအပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up