A d v e r t i s e m e n t With Us

သမ္မတ ဦးသိန်းစိန် အိုင်စီဂျီ ငြိမ်းချမ်းရေးဆုရ

သမ္မတ ဦးသိန်းစိန်နဲ့ ဘရာဇီးသမ္မတဟောင်း လူးဝစ်အီနာစီရို ဒယ်လ်ဆေးလ်ဗားတို့ကို အမေရိကန်အခြေစိုက် နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ အိုင်စီဂျီက In Pursuit of Peace Award  ငြိမ်းချမ်းရေးရှာဖွေမှုဆု ပူးတွဲပေးအပ်လိုက်ကြောင်း ကြေညာပါတယ်။ [caption id="attachment_33572" align="alignleft" width="300" caption="သမ္မတ ဦးသိန်းစိန် နှင့် ဘရာဇီးသမ္မတဟောင်း လူးဝစ်အီနာစီရို ဒယ်လ်ဆေးလ်ဗား"][/caption] သန်းပေါင်းများစွာသော လူတွေရဲ့ဘ၀တွေကို အသွင်ပြောင်းသွားအောင် အမြော်အမြင် ရှိရှိ ခေါင်းဆောင်ပေးနိုင်မှုနဲ့ ပဋိပက္ခကင်းစင်တဲ့ ကမ္ဘာတခုဖြစ်လာစေရေး လုပ်ဆောင်ချက်တွေ အတွက် သူတို့ ၂ ဦးကို ဆုချီးမြှင့်တာလို့ နိုဝင်ဘာ ၂၆ ရက်ထုတ် အိုင်စီဂျီကြေညာချက်မှာ ဖော်ပြပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ သူ့နိုင်ငံရဲ့ သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးကို ရဲရဲရင့်ရင့် အမြော်အမြင်ရှိရှိ ရှေ့ဆောင်လမ်းပြ လုပ်ဆောင်ခဲ့တဲ့အကြောင်းနဲ့ အတိုက်အခံတွေ၊ တိုင်းရင်းသား လူနည်းစုတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဆက်ဆံရေးကို တိုးတက်လာအောင် ပြတ်ပြတ်သားသား ခေါင်းဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အိုင်စီဂျီ နာယက သောမတ် အာပစ်ကားရင်းက ကမ္ဘာ့ဒေသအတော်များများမှာ လမ်းမှားကို ဦးတည်နေပုံရတဲ့ အခုလို အချိန်မျိုးမှာ မြန်မာနဲ့ ဘရာဇီးနိုင်ငံတွေမှာ သူတို့ ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းဖြစ်ဖို့ သမ္မတတွေရဲ့ ဆောင်ရွက်ချက်တွေဟာ ပေါ်လွင်ထင်ရှားတဲ့ နမူနာပါပဲလို့ ပြောပါတယ်။ အိုင်စီဂျီ ဥက္ကဋ္ဌ လူဝီဆီအာဘာကလည်း  ၂၀၁၁ မတ်လက  မြန်မာ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာကတည်းက မြန်မာနိုင်ငံမှာ ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတာ၊ သတင်းစာလွတ်လပ်ခွင့် လျှော့ပေးတာနဲ့ အဓိက နိုင်ငံရေးပါတီနဲ့ ဆွေးနွေးမှု တိုးမြှင့်လုပ်ဆောင်တာတွေ အပါအ၀င် ပြုပြင်ပြောင်းလဲမှုတွေ မကြုံစဖူး ထူးကဲလုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ဖြေလျော့မှုတွေ ဆက်လုပ်ဖို့လိုနေသေးပြီး ရခိုင်ပြည်နယ်အရေး နည်းလမ်းရှာ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ မျှော်လင့်တယ်လို့လည်း  အိုင်စီဂျီက ပြောပါတယ်။ အိုင်စီဂျီအဖွဲ့ ဟာ ကမ္ဘာတ၀န်းလုံးမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထူးထူးချွန်ချွန် စွမ်းဆောင်သူတွေအတွက် နှစ်စဉ်ဆု ချီးမြှင့်တာဖြစ်ပြီး ခုဆိုရင် ၈ ကြိမ်မြောက်ဖြစ်ပါတယ်။ အရင်က အမေရိကန်သမ္မတဟောင်း  ဘီလ်ကလင်တန်၊ ဂျော့ခ်ျဘုရှ်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မာတီ အာတီဆာရီနဲ့ အလန်ဂျွန်ဆင်ဆာလိဖ်၊ အဆိုတော် ဘိုနို၊ သူဌေးကြီး ဂျော့ဆိုရော့စ် စသူတို့ ရခဲ့ဖူးပါတယ်။  ဒီနှစ်အတွက် ဆုကိုတော့  လာမယ့် ၂၀၁၃ ဧပြီ ၂၂ ရက်နေ့ နယူးယောက်မြို့မှာ ဂုဏ်ပြု ညစာစားပွဲအခမ်းအနားနဲ့ ချီးမြှင့်ဖို့ ရှိပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်မှာ ဩဇာရှိတဲ့  Foreign Policy  မဂ္ဂဇင်းကလည်း ၂၀၁၂ ခုအတွက် ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ ကို စာရင်းပြုစုဖော်ပြရာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ကို နံပါတ် ၁ ထိပ်ဆုံးနေရာပေးပြီး ရွေးချယ်ဖော်ပြထားတာပါတယ်။

A d v e r t i s e m e n t With Us

More News
Up