အီတလီ မာဖီးယား မူးယစ်ခေါင်းဆောင်ကို ဘိုလီးဗီးယားတွင် ဖမ်းမိ

အီတလီနိုင်ငံသား မာဖီးယား မူးယစ်ခေါင်းဆောင် ပါအိုလို လူမီယာကို ဘိုလီးဗီးယားနိုင်ငံမှာ ဖမ်းမိခဲ့တယ်လို့ ဘိုလီးဗီးယားအစိုးရက ဇူလိုင် ၄ ရက်နေ့မှာ ပြောပါတယ်။ အသက် ၅၁ နှစ်အရွယ် လူမီယာဟာ တကမ္ဘာလုံးက အလိုရှိဆုံး မူးယစ်မှောင်ခိုသမားတွေထဲက တယောက်အဖြစ် သတ်မှတ်ခံထားရသူလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။ လူမီယာဟာ ဇန်နဝါရီလကတည်းက ဘရာဇီးနိုင်ငံကနေတဆင့် ဘိုလီးဗီးယားနိုင်ငံထဲကို ဝင်ရောက်လာခဲ့တာပါ။ ဇူလိုင် ၃ ရက်နေ့မှာတော့ ဘိုလီးဗီးယားနဲ့ အီတလီရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး ကိုချာဘမ်ဘာမြို့က လူမီယာနေထိုင်တဲ့ တိုက်ခန်းကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပါတယ်။ လူမီယာကို ဖမ်းမိချိန်မှာ သူဟာ ဗင်နီဇွဲလားနိုင်ငံသား အထောက်အထား အတုတွေကို ကိုင်ဆောင်ထားတယ်လို့ ဘိုလီးဗီးယား အစိုးရက ပြောပါတယ်။ နိုင်ငံရပ်ခြား ထွက်ပြေးနေတဲ့ လူမီယာကို အီတလီအစိုးရက ထောင်ဒဏ် ၁၆ နှစ် ချမှတ်ထားပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ ဘိုလီးဗီးယားအစိုးရဟာ လူမီယာကို အီတလီအာဏာပိုင်တွေဆီ ပြန်ပို့ဖို့ စတင်စီစဉ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up