မက္ကဆီကို အမျိုးသားလုံခြုံရေးအစောင့်တပ်ဖွဲ့က ရွှေ့ပြောင်းသူများကို စောင့်ကြည့်ဖမ်းဆီး

မက္ကဆီကို အမျိုးသားလုံခြုံရေးအစောင့်တပ်ဖွဲ့ဟာ ဇူလိုင် ၃ ရက်က ဂွါတီမာလာနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ ဆူချီအာတီမြစ်တလျောက် နေရာယူထားပြီး တရားမဝင် ရွှေ့ပြောင်း ဒုက္ခသည်တွေကို စောင့်ကြည့် ဖမ်းဆီးနေပါတယ်။ အမေရိကန်နဲ့ သဘောတူညီချက်အရ မက္ကဆီကိုဟာ ဗဟိုအမေရိက ရွှေ့ပြောင်းဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော်ပြီး သူ့နိုင်ငံထဲ စီးဝင်လာတာတွေကို ဟန့်တားထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။ ဆင်းရဲနွမ်းပါးမှုနဲ့ ပဋိပက္ခတွေကြောင့် မိခင်နိုင်ငံကနေ ထွက်ပြေးလာကြတဲ့ ဗဟိုအမေရိက ဒုက္ခသည်တွေဟာ မက္ကဆီကိုနိုင်ငံကနေတဆင့် အမေရိကန်နိုင်ငံထဲကိုဝင်ဖို့ ကြိုးစားနေကြတာပါ။ ဒါ့ကြောင့် မက္ကဆီကိုအနေနဲ့ အဲဒီဒုက္ခသည်တွေစီးဝင်မှုကို ထိန်းချုပ်မယ်ဆိုရင် မက္ကဆီကို ပို့ကုန်တွေအပေါ် အခွန်စည်းကြပ်တာတွေ ဖြေလျော့ပေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သဘောတူထားပါတယ်။ အမျိုးသားလုံခြုံရေး အစောင့်တပ်ဖွဲ့ အရာရှိတွေဟာ ဇူလိုင် ၃ ရက်နေ့က ဆူချီအာတီမြစ်ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် အယောက် ၂၀ နဲ့ ဗဟိုအမေရိက ဒုက္ခသည် အယောက် ၁၀၀ တို့ကို ထိန်းသိမ်းခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ လက်ရှိမှာတော့ အဲဒီဒုက္ခသည်တွေကို ပြည်ဝင်ခွင့်အတွက် စစ်ဆေးနေတယ်လို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။ ပုံမှန်အားဖြင့် မက္ကဆီကို အစိုးရဟာ အမေရိကန်ကိုသွားမယ့် အထောက်အထားမဲ့ ပြည်ပနိုင်ငံသားတွေကို ဟန့်တားဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို တာဝန်ပေးလေ့ မရှိပါဘူး။ ဒါ့ကြောင့် မက္ကဆီကိုဟာ အမေရိကန်သမ္မတ ထရမ့်ရဲ့အလိုအတိုင်း လိုက်လျော လွန်းတယ်လို့ ဝေဖန်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up